ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲများကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစတင်ပြီး ပြင်ဦးလွင်ခရိုင်/မြို့နယ် အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ ခရိုင်အတွင်းရှိ မြို့နယ်များမှ အားကစား တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

အဆိုပါ ခရိုင်အဆင့်ကျောင်းသားအားကစားပြိုင်ပွဲတွင် ပြင်ဦးလွင်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များမှ ကျောင်းသား/ကျောင်းသူများက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် ဘတ်စကတ်ဘော စသည့်ပြိုင်ပွဲများတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ခရိုင်အဆင့် ပြိုင်ပွဲများကို (၁၂ - ၁၁ - ၂၀၂၃) မှ (၁၄ - ၁၁ - ၂၀၂၃) ရက်နေ့ထိ နေ့စဉ် သတ်မှတ်နေရာအသီးသီးတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုရရှိသောအသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အနာဂတ်၏ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံကို အကျိုးပြုနိုင်မည့် အားကစားမောင်မယ်များပေါ်ထွက်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။    

ခရိုင် (ပြန်/ဆက်)