စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် လယ်ဝေးမြို့နယ် သီးထပ်စွမ်းအားမြင့်မားတိုးတက်ရေး တောင်သူတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

လယ်ဝေး နိုဝင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ၊ အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ ရှင်းလင်းဆောင်တွင် ကျင်းပသည့် သီးထပ်စွမ်းအားမြင့်မားတိုးတက်ရေး တောင်သူတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တောင်သူများအနေဖြင့် ယခင်က တစ်ရာသီသာစိုက်ပျိုးကာ ကျန်သည့် နှစ်ရာသီတွင် စိုက်ပျိုးမြေများကို အလွတ်ထားရှိကြသည်က များကြောင်း၊ စိုက်ပျိုးမြေများတွင် ရာသီမရွေး သီးနှံများစိုက်ပျိုးထွက်ရှိမှသာ ဒေသအတွက်ရော နိုင်ငံအတွက်ပါ စားရေရိက္ခာဖူလုံပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုခေတ်တွင် စက်ကိရိယာများဖြင့် စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့နိုင်ပြီဖြစ်၍ တောင်သူများအနေဖြင့် အချိန်ကုန်သက်သာ လူမပင်ပန်းဘဲ ရာသီအလိုက်သီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း၊ ဒေသခံတောင်သူများ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးရေးအတွက် မိမိတို့မှဘက်စုံ ထောင့်စုံဖြည့်ဆည်းပေးနေသကဲ့သို့တောင်သူများကလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရရှိသည့်အခွင့်အရေးများကိုအသုံးချ၍ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ဒေသခံတောင်သူများ၏ အခက်အခဲများကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး တောင်သူများအား မတ်ပဲနှင့် နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆင့်မြင့်ဧက ၂၀၀ တွင် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်(RS-CS) ဧက ၂၀ စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)