လားရှိုးဒေသထွက် ထောပတ်သီးများ ယခင်နှစ်ထက် ပိုမိုဈေးကောင်းရရှိနေ

လားရှိုး နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးမြို့နှင့်အနီးတစ်ဝိုက်တွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသထွက် ထောပတ်သီးများ ဈေးကွက်အတွင်း ရောင်းချလျက်ရှိနေပြီဖြစ်ပြီး ယခင်နှစ်ထက် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ထောပတ်သီးများကို လားရှိုးမြို့အနီးပတ်ဝန်းကျင်ရှိ နောင်မွန်၊ နမ့်ပေါင်ကျေးရွာများနှင့် မြို့အနီးပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးခြံများတွင် စိုက်ပျိုးကြကာ ရာသီပေါ်သီးနှံအဖြစ် ရောင်းချလေ့ရှိကြကြောင်း သိရသည်။

“အရင်နှစ်ကတော့ ထောပတ်သီးတစ်လုံးကို တစ်ထောင်လောက် ရောင်းရတယ်။ ဒီတစ်နှစ်တော့ ဈေးနည်းနည်းကောင်းတယ်။ တစ်လုံးကို တစ်ထောင့်ငါးရာလောက်ရောင်းရတယ်။”  ဟု ထောပတ်သီးရောင်းချသူတစ်ဦးက ဆိုသည်။

ယခင်နှစ်များက လားရှိုးဒေသထွက် ထောပတ်သီးကို မန္တလေး၊ ရန်ကုန်၊ မူဆယ်၊ လောက်ကိုင်မြို့များသို့ တင်ပို့ရောင်းချနိုင်သော်လည်း ယခုနှစ်တွင် နယ်မြေအခြေအနေကြောင့် တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)