ကျောက်ဆည် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရွှေနီတံဆိပ် (၁၆၈) သင်္ဘောမျိုးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
သင်္ဘောပင်သည် စိုက်ပျိုးပြီး အပင်သက်တမ်း(၆)လခန့်တွင် ရောင်းတန်းဝင် သင်္ဘာသီးများ စတင် ခူးဆွတ်ရောင်းချရကြောင်း၊ အပင်အပြုအစုကောင်းပါက ခူးဆွတ်ရောင်းချချိန် (၈)လခန့် ခူးဆွတ်ရကြောင်းနှင့် ရောင်းချသည့်အခါ ပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ပြီး အသီး(၃၅လုံး-၄၀လုံး) ခန့်ဝင်သော သံသေတ္တာများနှင့်ထည့်ကာ သေတ္တာအရေအတွက်အတိုင်း ကာလပေါက်ဈေးနှင့် ရောင်းချရကြောင်း ဈေးကောင်းချိန်တွင် သံသေတ္တာတစ်လုံးအား ငွေကျပ်(၂၀၀၀၀)အထိ ရောင်းချရကြောင်းနှင့် သင်္ဘောသီး အလုံးသေးများကို အစိမ်းခူးဆွတ်၍ ကျောက်ဆည်ဈေးသို့ လက်လီရောင်းချလျက်ရှိရာ နေ့စဉ်ဝင်ငွေရရှိကြောင်း သိရှိရသည်။
ကျီးအိပ်ကျေးရွာမှ တောင်သူများအနေဖြင့် ယာမြေပိုင်ဆိုင်မှုများပြီး မြေအောက်ရေနှင့် မြစ်ရေ များကိုသာ အဓိထားပြီး တောင်သူလုပ်ငန်းများ လုပ်ကိုင်ရသဖြင့် ယာသီးနှံများဖြစ်သော ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောနှင့် ကာလတိုသီးနှံများ အဓိက စိုက်ပျိုးကြကြောင်းနှင့် စမုံမြစ်မှ မြစ်ရေတင်စနစ်ဖြင့် တောင်သူ ဦးဆန်းဝင်း စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရကာ သင်္ဘောစိုက်ပျိုးရာတွင် အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့် ပျိုးပင်များရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာရှိစေရန်နှင့် လေအဝင်အထွက်ကောင်းမွန်စေရန်အတွက် မြေဘောင်များ ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၁၆)ပေအကွာအဝေးခန့် စိုက်ပျိုးပါက သီးလုံးပို၍ လှပကြောင်းနှင့် လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေးနှင့် ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်းနှင့် ရာသီဥတုအခြေအနေအပေါ်တွင်မူတည်၍ ရေသွင်းပေးခြင်း၊ မြေဩဇာကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း တောင်သူဦးဆန်းဝင်းက ပြောပြ၍ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)