မိုင်းယောင်းမြို့နယ်၌ မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များစစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များကို ယမန်နေ့တွင် စစ်ဆေး ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းမှိုင်ခမ်းထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်များ၊ ပြည်နယ်လွှတ်တော် အမှတ်(၁)နှင့် အမှတ်(၂) ဆန္ဒမဲလက်မှတ်များ၊ တိုင်းရင်းသားလူမျိုးလွှတ်တော် ဆန္ဒမဲလက်မှတ်များအား ရရှိမည့် အရေအတွက်အတိုင်း ပြည့်၊ မပြည့်၊ စွန်းထင်း စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှု ရှိ၊ မရှိ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်၊ မဟုတ် ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေအတွက် မှန်၊ မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြုသင်္ကေတများ မှန်ကန်မှု ရှိ၊ မရှိကို စစ်ဆေးခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒမဲလက်မှတ် စစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ စခန်းမှူး ဒုတိယရဲမှူး ရဲဝင်းနိုင်နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း