အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ပန္နရသမ အစည်းအဝေး ကျင်းပ

ရန်ကုန် နိုဝင်ဘာလ ၁၂

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ပန္နရသမ အစည်းအဝေးကို နိုဝင်ဘာလ ၁၁ရက်နေ့ မွန်းလွဲ ၁ အချိန်၌ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယက ကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲဆရာတော်)က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာ ဘိဝံသ(ရွှေဘိုဆရာတော်)က ဆောင်ရွက်သည်။

အစည်းအဝေးကို “သာသနဿစလောကဿ” အစချီသော ဂါထာကို ၃ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ ဆရာတော်)က သြဝါဒကထာ မြွတ်ကြားသည်။

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် စုဒ္ဒသမ အစည်းအဝေးမှတ်တမ်း (ဒု-ဆဋ္ဌ ၁၄/၂၀၂၃)ကို ဖတ်ကြားအတည်ပြုကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာ တင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ်ရွတ်ဆို ဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့တာဝန်ကျ(ဒုတိယအဖွဲ့ခွဲ)ဒုတိယဥက္ကဋ္ဌ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တစိတြဉာဏ(ကံမဆရာတော်)၊ အဖွဲ့ဝင်ဆရာတော်များ ဖြစ်ကြသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစာရ(ကျိုက်ထိုဆရာတော်)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ(မတ္တရာဆရာတော်)နှင့် သာသနဓဇဓမ္မာစရိယဘဒ္ဒန္တဉာဏ(မင်းလှ)ဆရာတော်တို့မှ တစ်ပါးကျန် ဆရာတော်၁၁ပါး တက်ရောက်ကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် သာသနာရေးရာနှ င့်ဝိနိစ္ဆယဌာနခွဲတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)