ချမ်းအေးသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာကြိုတင်ပြင်ဆင်မှုများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအဖြစ် တာဝန် ထမ်းဆောင်ကြမည့်သူများ အား ရွေးကောက်ပွဲဆိုင်ရာသင်တန်းပေး

မန္တလေး၊ အောက်တိုဘာ ၂၃

ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေးကောက်ပွဲ ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ နှင့်မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအတွက် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ကစတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဦးဆောင်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအဖြစ် တာဝန်ထမ်းယူကြမည့် ဆရာ၊ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ပို့ချပေးခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလမ်းညွှန်ချက်များအတိုင်းတစ်ခန်းလျှင် ၃ဝဦး ဖြင့် အခန်း၄ခန်းခွဲ၍ သင်တန်းနည်းပြလေးဦးက သင်ကြားပို့ချပေးခြင်းဖြစ်သည်။
" ရွေးကောက်ပွဲကြီး အဆင်ပြေချောမွေ့ပြီးမြောက်အောင်မြင်စေရန်အဓိကထားတယ်၊ မဲရုံမှူး ဒုမဲရုံမှူး တွေကို ဥပဒေ၊ နည်းဥပဒေတွေ  ကျွမ်းကျင်အောင် အမှားယွင်းမရှိအောင် ပြည်ထောင်စုကော်မရှင်ကချမှတ်တဲ့ ရွေးကောက်ပွဲစံ၅ချက်နဲ့အညီ ပိုပြီးပွင့်လင်းမြင်သာပြီးသိအောင် သင်တန်းပို့ချ ခြင်းဖြစ်တယ်၊ အရှေ့ပိုင်း ၁ဝရပ်ကွက် မဲရုံ ၃၆ရုံမှာ မဲရုံမှူး ၊ ဒုမဲရုံမှူးရ၂ယောက်ကို တစ်ခန်း ၃ဝဦးခွဲပြီး သင်ကြားပို့ချပါတယ်၊ ရွေးကောက်ပွဲတွေမှာ မဲရုံတွင်းမှာဖြစ်တတ်တဲ့ အခက်အခဲတွေကြုံတွေ့နိုင်တာ ကိုလည်းထည့်သွင်းပြောကြား သွားမှာပါ"ဟု ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာမြတ်သစ်က ပြောသည်။
သင်တန်းအား အောက်တိုဘာ ၂၁ ရက် မှ ၂၅ရက်အထိ နံနက် ၈နာရီခွဲမှ မွန်းတည့်၁၂ နာရီခွဲ အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စများ၊ ရွေးကောက်ပွဲအကြိုပြင် ဆင်မှုများ၊ ရွေးကောက်ပွဲက်တွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း ကိစ္စများနှင့်မဲ သရုပ်ပြခြင်း၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ဥပဒေ၊ နည်းဥပဒေများ၊ ကိုဗစ်ကာကွယ်ရေး ကျန်းမာရေးကိစ္စရပ်များ၊ အတွင်းလုံခြုံရေး၊ အပြင်လုံခြုံရေး ခွဲဝေတာဝန်ယူခြင်းများကို စာတွေ့လက် တွေ့ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးတာဝန်ကို အခြေခံပညာဦးစီးဌာနသာမက အဆင့်မြင့်ပညာဦးစီးဌာနကလည်း ပူးပေါင်းပါဝင်ကြောင်းသိရသည်။
ယင်းသင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း တာဝန် နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးပုံ အဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှုများ၊ ထုပ်ပိုးပုံအဆင့်ဆင့်၊ ကျန်းမာရေးနှင့် လုံခြုံရေး၊ မဲရုံတည်နေရာ အခင်းအကျင်း၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မှင်တို့ပေးသူ တာဝန်ဝတ္တရားများ နှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို စာတွေ့လက်တွေ့ပို့ချပေးခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာမြတ်သစ်နှင့် ချမ်းအေးသာစံ မြို့နယ်ပညာရေးမှူး ဦးညီညီတို့က အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါ်လင်းလင်းချစ်က ကျန်းမာရေးဆိုင်ရာအသိပညာများကိုလည်းကောင်း၊  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် များဖြစ်သည့် ဦးသိန်းအောင်က ခိုင်လုံမဲ၊ ပယ်မဲနှင့်မဲရုံအခင်း အကျင်းကိစ္စများနှင့် ဒေါ်သန်းသန်းလွင် က ပြစ်မှုပြစ်ဒဏ်နှင့် လုံခြုံရေးထူးခြားဖြစ်စဉ်များ၊ အတွင်းရေးမှူး ဦးကျော်ကျော်မြင့်က မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်များကိုလည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့သည်။
ချမ်းအေးသာစံမြို့နယ်အတွင်း မဲရုံ ၇၂ ရုံ၊ မဲဆန္ဒရှင်ဦးရေ ၁၂၃၉၂၉ ဦး၊ မဲရုံအဖွဲ့ဝင် ၁၃၅၂ ဦးရှိပြီး အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်နှစ်သောင်းကျော်ရှိကြောင်း၊ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တစ်ထောင့် သုံးရာကျော်ရှိရ အဓိကတာဝန်ကျသည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများကို ကနဦးအနေဖြင့် သင်တန်းပို့ ချပေးခြင်းဖြစ်ပြီး ၎င်းတို့ကတဆင့် မဲရုံအဖွဲ့ဝင်များအား အုပ်စုများခွဲကာ ဆက်လက်ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထိပ်ထားနိုင်