တာချီလိတ်မြို့၌ အားကစားနည်း ၇ မျိုးဖြင့် ခရိုင်အဆင့် လူရွေးပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

တာချီလိတ် နိုဝင်ဘာ ၁၂

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အုပ်စု (၇) အားကစားနည်း ၇ မျိုး ခရိုင်အဆင့် လူရွေးပွဲဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက် ညနေ ၃ နာရီက တာချီလိတ် မြို့မအားကစားကွင်း၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားကို ဘက်စုံဖွံ့ဖြိုးတိုးတက်နေစေရန် ရေတို ရေရှည် စီမံကိန်းများ ချမှတ်ဖော်ဆောင်လျက်ရှိပြီး ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ တာချီလိတ်မြို့နယ်အဆင့် လက်ရွေးစင်မှ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ နိုင်ငံ အဆင့်လက်ရွေးစင် အားကစားသမားများအဖြစ် ပေါ်ထွန်းလာစေရန်၊ တာချီလိတ်ခရိုင်အနေဖြင့် ယခင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြည်နယ်အဆင့် ၈ ဦး၊ နိုင်ငံတော်အဆင့် ၃ ဦး ရွေးချယ်ခံရပြီး ယခု ကျင်းပနေသည့် ပြိုင်ပွဲများတွင် အမှန်တကယ် ထူးချွန်သည့် အားကစားသမားများ စိစစ်ရွေးချယ်နိုင်စေရန် အထူးအလေးထားဆောင်ရွက်သွားရန် အမှာစကား ပြောကြားပြီး၊ တာချီလိတ်ခရိုင် ပညာရေးမှူး ဒေါ်သန္တာလွင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ အဖွင့်ပွဲစဉ်အနေဖြင့် အမျိုးသားဘောလုံးပြိုင်ပွဲ တာချီလိတ် B အသင်းနှင့် မိုင်းယောင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင် အုပ်စု (၇)အုပ်စုတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူ အားကစားသမားပေါင်း ၂၅၂ ဦးအနက်မှ အားကစားနည်း ၇ နည်းဖြစ်သည့် ဘောလုံး၊ ဘော်လီဘော ဘတ်စကတ်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစား နည်း ၇ မျိုးတို့ကို ကျား၊ မ အလိုက် ယှဉ်ပြိုင်ရွေးချယ်ကာ ပြည်နယ်အဆင့် သွားရောက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)