နောင်တရား နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံပြကွက် စံကွက်ရိတ်သိမ်းခြင်းကို တီကျစ်ကျေးရွာအုပ်စု၊ ပင်သာကျေးရွာ၌ တောင်သူ ဦးဖိုးသွေ၊ ကွင်းအမှတ် ၁၃တွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်၌ စံကွက်ရိတ်သိမ်းသည်။
အဆိုပါစံ ကွက်ရိတ်သိမ်းခြင်းကို တီကျစ်ကျေးရွာအုပ်စု၊ ပင်သာကျေးရွာ၌ တောင်သူ ဦးဖိုးသွေ၊ ကွင်းအမှတ် ၁၃၊ ဦးပိုင် အမှတ် ၁၁၅၊ လယ်မြေ တစ်ဧက၌ နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးထားသည့် ရွှေရင်အေးမျိုးကို ရိတ်သိမ်းရာတွင် တစ်ဧကအခြောက်ထွက် (၁၄၀) တင်း ထွက်ရှိကြောင်း သိရသည်။
မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးသူတို့က ဦးဆောင်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့သည်။
တစ်ဧကအထွက်နှုန်း တိုးတက်မြှင့်မားပြီး စပါးစိုက်တောင်သူများ လူမူဘဝဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပန်းတိုင်အထွက်နှုန်းရရှိရေး ရွေရင်အေးမျိုးကောင်း၊မျိုးသန့် မိုးစပါးစိုက်ပျိုးသည့် စံပြစိုက်ခင်း (၈၂)ဧကကို ယူရီးယားဓါတ်မြေဩဇာ တစ်ဧကလျှင် ၁အိတ်နှုန်းဖြင့် ထောက်ပဲ့ပေးခဲ့သည်။ နောင်တရားဒေသတွင် လယ်စပါး (၅၃၉၅)ဧကရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် နောင်တရားစိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး (၁၂၆၂)ဧကကို လျှာထား ဆောင်ရွက်ခဲ့သည်။ မိုးစပါးတစ်ဧက ကုန်ကျစရိတ်မှ ကျပ် ၈ သိန်းခန့်ရှိပြီး တစ်ဧက အမြတ်ငွေမှ ကျပ် ၁၂ သိန်းခန့်ရှိကြောင်း သိရသည်။ ယခုအတွင်း ရွှေရင်အေး စပါးအဟောင်း တစ်တင်းလျှင် ကျပ် (၂၅၀၀၀)ခန့်၊ ရွှေရင်အေး မိုးစပါး အသစ်တစ်တင်းလျှင် ကျပ် (၁၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း စပါးကုန်သည်တစ်ဦးထံမှ သိရသည်။
ခွန်အောင်(နောင်တရား)