မောင်တော နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မျက်စိနာရောဂါဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးနိန်ကီးက အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက မျက်စိနာရောဂါသည် ရာသီအကူးအပြောင်းကာလအတွင်း ဖြစ်ပွားတတ်ပါကြောင်း၊ မျက်စိနာ ရောဂါဖြစ်ပွားတတ်သည့် လက္ခဏာများ၊ မျက်စိနာရောဂါသည် ကူးစက်တတ်သည့် ရောဂါဖြစ်ပြီး မျက်စိနာရောဂါ ဖြစ်ပွားပါက တစ်ကိုယ်ရေသုံးပစ္စည်းများကို အခြားသောသူများနှင့် မျှဝေမသုံးသင့်ကြောင်း၊ မျက်စိနာခြင်းသည် အလင်းရောင်ကို မခံနိုင်သည့်အတွက် နေကာမျက်မှန် တင်ဆင်သွားရန်နှင့် မျက်စိနာရောဂါ ဖြစ်ပွားနေသည့်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ လာရောက်ပြသရန်လိုကြောင်း စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ ကျောင်းအုပ်ဆရာကြီး ဦးနိန်ကီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)