သထုံ နိုဝင်ဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က နယ်စပ်ဒသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ) ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သောလူငယ်များ ဖြစ်လာရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲတတ်သူများဖြစ်စေရေး၊ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြပြီး ကျောင်းစာပညာရပ်များအပြင် ဘဝတိုးတက်ရေးအတွက် ပြင်ပစာပေများဖတ်မှတ်လေ့လာကြရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏အနာဂတ်ဘဝ ပိုမိုမြင့်မားလာရေး၊ စိတ်ဓာတ်စည်းကမ်းကောင်းပြီး ရိုးသားကြိုးစားတရားမျှတမှုရှိကာ မေတ္တာတရားဖြင့် ညှာတာထောက်ထားတတ်သူများဖြစ်စေရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်သည့် လူငယ်များဖြစ်လာစေရေး စသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။
ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စိုးလှိုင်က လတ်တလော အဖြစ်များနေသည့် မျက်စိနာရောဂါ ဖြစ်ပွားရခြင်း၏အကြောင်းများ၊ ကူးစက်ပုံများနှင့် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မျက်စိနာခြင်းအမျိုးမျိုး၊ မျက်စိရောဂါများနှင့် သတိပြုရမည့် ပြုမူနေထိုင်နည်းများတို့ကို ဆွေးနွေးဟောပြောရာ ကျောင်းသားကျောင်းသူတို့က သိလိုသည်တို့ကို ဆွေးနွေးမေးမြန်းကြပြီး အသိပညာပေး ဟောပြောသူတို့က ပြန်လည်ရှင်းလင်းပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ကျော်နှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)