ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (၃၃) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်

ပင်းတယ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဟော်ကုန်းရပ်ကွက်ရှိ မြို့မဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၃၃) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေမိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်နာယူခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ကထိန်သင်္ကန်းနှင့် နေပြည်တော်တွင် ဆောက်လုပ်လျက်ရှိသည့် ဓနုဓမ္မာရုံအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာလျောက်ထားရာတွင် ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဖူးမျှော်ကြည်ညိုခွင့်ရရှိပါသဖြင့် ဘုရားတပည့်တော်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများအနေဖြင့် စိတ်နှလုံး နှစ်ထောင်းအားရ ဝမ်းမြောက်လှပါကြောင်း၊ ဘုရားတပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရည်မှန်းအာရုံပြုလျက် မြို့မဆင်ဖြူတော်ကျောင်းတိုက်အတွင်း၌ ဝါဆိုဝါကပ်တော်မူကြပြီး ပုရိမဝါမှထမြောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား ဝိနည်းကံအရာ၌ သွားလာနေထိုင်ရာတွင် လွယ်ကူပါခြင်းအကျိုးငှာ ကထိနစီဝရံကထိန်လျာ မြတ်သင်္ကန်းကို ဆက်ကပ်လှူဒါန်းရသော အကျိုးကြောင့် မြတ်နိဗ္ဗာန်ချမ်းသာကို ခံစားရနိုင်သည် ဖြစ်ပါစေဘုရား။ ယခုကဲ့သို့ ဆရာ/ဒါကာ နှစ်ဖြာညီညာစွာလက်တွဲ၍ လှူဒါန်းပူဇော်မှု ကုသိုလ်အစုစုတို့ကြောင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး ဆက်လက်တည်တံပြန့်ပွား ထွန်းကားပါစေ။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးသည် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်၏အကျိုး၊ ဗုဒ္ဓသာသနာ၏အကျိုးကို ဆထက်တပိုးတိုး၍ ထမ်းဆောင်နိုင်ကြပါစေကြောင်း စသည်ဖြင့် လျှောက်ထားခဲ့သည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် အရှင်စန္ဒေါဘာသထံမှ တရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနာစီရံတိဌတု သုံးကြိမ်ရွတ်ဆို၍ရုတ်သိမ်းခဲ့ပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ (၃၃) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားတွင် မြို့မဆင်ဖြူတော်ကျောင်းတိုက်အတွက် လှူဒါန်းငွေစုစုပေါင်း (ကျပ်နှစ်ရာ့သုံးဆယ့်သုံးသိန်း ကိုးသောင်းလေးထောင်ကျော်) လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)