လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် လိုအပ်သည့် ထင်းနှင့် စားသောက်ဖွယ်ရာများကို ပရဟိတအဖွဲ့များလှူဒါန်း

လားရှိုး နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ခေတ္တရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများ ချက်ပြုတ်ရေးအတွက် လိုအပ်သည့် ထင်းများ၊ မျှောတိုင်များ၊ ပျဉ်အတိုအစများနှင့် စားသောက်စရာများကို ပရဟိတအဖွဲ့များက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ အလှူရှင်များနှင့် ပေါင်းစပ်ကာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်တို့တွင် ချက်ပြုတ်ရေးအတွက် လိုအပ်လျက်ရှိသည့်ထင်းများ သွားရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါယာယီတိုက်ပွဲရှောင်သူများသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယား ဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့တွင် ရောက်ရှိခိုလှုံနေကြခြင်း ဖြစ်ကြောင်းသိရသည်။

စိုင်းထွန်း(လားရှိုး)