ညောင်ဦး နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း တောင်ဂူနီဘုရားနှင့် မြောက်ဂူနီဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကို ဖူးမြှော်ပြီး ဂူဘုရားတည်ဆောက် ပုံဗိသုကာပညာရပ်များနှင့် နံရံပန်းချီတို့ကို လေ့လာနိုင်ကြောင်း သိရသည်။
တောင်ဂူနီဘုရားနှင့်မြောက်ဂူနီဘုရားသည် ပုဂံမြို့ဟောင်း၏ အရှေ့တောင်ဘက် ဓမ္မရံကြီးဘုရား၏ အရှေ့တောင်ဘက်တွင်တည်ရှိသည်။ ထိုဂူဘုရားနှစ်ဆူမှာ အရှေ့ဘက်လှည့် ရှေ့ဘက်အဆောင်နှင့် ဗုဒ္ဓရုပ်ပွားတော်ပုံရှိသော အတွင်းဆောင်များပါရှိကာ အပေါ်ထပ်သို့လည်း လှေကားဖြင့် တက်ရောက်နိုင်ပြီး အပေါ်ပိုင်းတွင် အဆောင်သီးခြားတည် ဆောက်ထားသည်။ ထိုဂူဘုရားများအပေါ်မှနေ၍ ဓမ္မရံဘုရားကြီးဘက်သို့ကြည့်ပါက ဓမ္မရံကြီးအဆောက်အအုံကို ဘေးမှတံတိုင်းလေးထောင့်အတွင်း ထီးထီးကြီးတည်ရှိနေသည်ကို စိတ်ဝင်စားဖွယ်တွေ့ရှိလေ့လာနိုင်သည်။ ဂူဘုရားနှစ်ဆူတွင် မူလကကျောက်စာတစ်ချပ်စီရှိခဲ့ရာ ယခုအခါ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရွေ့ပြောင်းထားသည်။ ကျောက်စာအရ မြောက်ဂူနီဘုရားကို သက္ကရာဇ် ၆၀၃ ခုတွင် နရသိင်္ဃဥဇ္ဇနာမင်း၏ မိဖုရားစောတည်ထား၍ တောင်ဂူနီဘုရားကို သက္ကရာဇ် ၅၅၂ ခုနှစ်တွင် အမတ်ကြီးသိင်္ဃသူင်္ရကတည်ထားကြောင်း ရေးထိုးထားသည်။
အဆိုပါဂူနီဘုရားနှစ်ဆူသည် လိုဏ်နှစ်ထပ်ဂူဘုရားအမျိုးအစားဖြစ်ကာ တိုက်မ အရှေ့ဘက်လှည့်ထိုင်တော်မုဆင်းတုတော်တစ်ဆူဆီ အတော်အတန်ကြီးမားစွာဖူးတွေ့နိုင်ပြီး ထိုင်တော်မူဆင်းတုတော် နောက်ဘက်ပလ္လင်တော်နှင့် ကပ်လျှက်နံရံတို့တွင် နံရံပန်းချီးများ၊ အမိုးခုံးနံရံပန်းချီများ၊ မျက်နှာကျက်နံရံပန်းချီများကိုလေ့လာနိုင်ကာ လေဝင်လေထွက်၊ အလင်းအမှောင်အတွက်လည်း ထိုဂူနီဘုရားနှစ်ဆူတွင် လက်ရာပြောင်မြောက်လှသည့် ဗိသုကာပညာရပ်များကိုလေ့လာနိုင်ကြောင်း သိရသည်။ ထိုဂူနီဘုရားနှစ်ဆူ အနောက်တောင်ဘက်တွင် ဓမ္မရံကြီးဘုရား၊ အနောက်ဘက်တွင် ရွှေဆံတော်အရှေ့မြောက်ဘက်တွင် စူဠာမဏိဘုရားတို့ကိုလည်း လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း