နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် စက်ရုံအလုပ်ရုံများအား လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များ အလင်းဖွင့်ခြင်း ၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းအတွင်း ရာသီအလိုက်ပွင့်သည့် ပန်းပင်များစိုက်ပျိုးရေး၊ ကျောင်းအတွင်းအပြင် အမြဲသန့်ရှင်းသာယာလှပရေး၊ ကျောင်းသန့်စင်ခန်းများ သန့်ရှင်းနေစေရေးတို့ကို အမြဲမပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး အဆိုပါ ကျောင်းဘောလုံးအားကစားကွင်းအတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ ကျောင်းသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အဆင့်ရွေးချယ်ထားသည့် ကျောင်းသား ကျောင်းသူများ အားကစားလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့်အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်အတွင်းရှိ ချင်းတွင်းတံခွန်အထည်ချုပ်စက်ရုံ(နေပြည်တော်)သို့ သွားရောက်၍ အထည်ချုပ်လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှထွက်ရှိသည့် ဝါချည်မျှင်ကုန်ကြမ်းများကိုအသုံးပြုပြီး ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကို ဆောင်ရွက်စေလိုကြောင်း၊ ကျွမ်းကျင်လုပ်သားများတိုးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကို ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် မုံရွာဆရာမိုးကုမ္ပဏီ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံတွင် တိုင်းရင်းဆေးများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက်မှ သစ်သီးခြောက်နှင့်ယိုစုံလုပ်ငန်းများ  ဆောင်ရွက်နေမှုကိုလည်းကောင်းသွားရောက်၍ ကြည့်ရှုအားပေးရာ တာဝန်ရှိသူများ ထုတ်လုပ်နေမှုနှင့်ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသွက်လက်မြန်ဆန်ပြီး အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအားများမြင့်မားရေး၊ ဒေသထွက်သီးနှံများနှင့် အဆင့်မီကုန်ထုတ်လုပ်မှုဖြစ်အောင် ဆောင်ရွက်ရေး၊ အရည်အသွေး ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများဖြစ်စေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ဘူးကွဲချောင်း(ရာဇသင်္ဂဟ လမ်းမကြီးနှင့် ဧရာဝတီလမ်းထောင့်)တွင် သန့်ရှင်းသာယာလှပရေးအတွက် မြေထိန်းကျောက်စီ ရေမြောင်းနှင့် ရေဆင်းမြောင်းများ ဆောင်ရွက်ထားရှိမှု၊ အလှမြက်ခင်းများ၊ ဘဲစားမြက်စိုက်ပျိုးခြင်းလုပ်ငန်းများ၊ မြေယာရှုခင်းဧရိယာအတွင်း ထည့်သွင်းတည်ဆောက်လျက်ရှိသော အုတ်ရေမြောင်းပြုလုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)