ထန်းတပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ထန်းတပင် နိုဝင်ဘာလ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို မြို့နယ်အတွင်းရှိကျေးရွာ ၆ ရွာတွင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၁၀) ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်မည့် လှည်းဆိပ်ကျေးရွာ၊ ညောင်သုံးပင်ကျေးရွာ၊ အညာစုကျေးရွာ၊ ဓနဲရိကျေးရွာ၊ ဆတ်ကလေးကျေးရွာနှင့် မရွှေဥကျေးရွာ(၆)ရွာတို့အား ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း (၁၅၀)စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၉၀၀)ကို သက်ဆိုင်ရာကျေးရွာများအလိုက် စီမံကိန်းဥက္ကဋ္ဌများနှင့် ကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်