အမှတ်(၁)တပ်မတော်စစ်ဆေးရုံ ကုတင် (၁၀၀၀) မင်္ဂလာဒုံမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အမှတ်(၁)တပ်မတော်စစ်ဆေးရုံ ကုတင် (၁၀၀၀) မင်္ဂလာဒုံမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ ရောက်ရှိကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်နေပြည်သူများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြိုဆိုကြသည်။

အဆိုပါ ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ဓမ္မပီတိကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံတွင်အခြေပြု၍ မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ ဒေသခံပြည်သူ ၂၇၉ ဦးအားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ပေးရာ သွေးတိုးရောဂါ ၆၅ ဦး၊ ဆီးချိုရောဂါ ၆၄ ဦး၊ နှလုံးရောဂါ ၄၈ ဦး၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါ ၃၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ၂၀ ဦး၊ မျက်စိရောဂါ ၃၇ ဦး၊ နား နှာခေါင်း လည်ချောင်းရောဂါ  ၂ ဦး၊ သွားရောက် ၈ ဦး၊ ကလေးရောဂါ ၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည့်အပြင် လိုအပ်ပါက အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးပေးခဲ့သည်။

ဆေးကုသရေးအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့များက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)