ကျောက်တလုံးကြီး နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွားနှင့်အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ ယခုနှစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ပြောင်းဈေးကောင်းရရန် မျှော်လင့်လျက် ရှိကြောင်းသိရသည်။
ကျောက်တလုံးကြီးမြို့၌ အစေ့ထုတ်ပြောင်းစိုက်ဧက ၁၀၀၀ ကျော်ရှိပြီး နှစ်စဉ် ဇွန်/ဇူလိုင် လများတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးချိန်မှ ၂ လအတွင်း စိုက်ခင်းအတွင်း ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဩဇာကျွေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးရကြောင်း၊ ယခုနှစ်အတွင်း အစေ့ထုတ်ပြောင်း(အစို)ရောင်းချသူများအနေဖြင့် ၁ ပိဿာလျှင် ၆၅၀ ကျပ်ဝန်းကျင်ရရှိကြောင်း၊ လက်ရှိအချိန်တွင် အစေ့ထုတ်ပြောင်းများ အပင်တွင်အခြောက်ခံထားရှိပြီးဖြစ်၍ စတင်ရိုက်သိမ်း ခြွေလှည့်ကြပြီး ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာရှိ ပြောင်းအဝယ်ဒိုင်များထံသို့ တင်ပို့ရောင်းချ ကြမည်ဖြစ်ကြောင်း၊ ယမန်နှစ်အတွင်း အစေ့ထုတ်ပြောင်းပေါက်ဈေး ၁ ပိဿာလျှင် ၁၂၀၀ ကျပ် အထိရရှိခဲ့ပြီး လက်ရှိအချိန်တွင် ၁ ပိဿာလျှင် ၈၀၀ ကျပ်ဝန်းကျင်သာရရှိသဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျှက်ရှိကြောင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးသူ ဦးခွန်မောင် ထံကသိရသည်။
ဇော်နိုင်လင်း