မိုင်းဆတ် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မယ်နင်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအလုံအလောက် ရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်၊ မယ်နင်ကျေးရွာအုပ်စု၊ (၆)မိုင်(လားဟူ)ကျေးရွာအနီးရှိ ပါဆပ်ချောင်း၌ တာဝန်ယူတည်ဆောက်သည့် ရေလွှဲဆည်နှင့် တူးမြောင်းစနစ်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မယ်နင်ကျေးရွာအုပ်စုရှိ၊ ဒေသခံတောင်သူများက စိုက်ပျိုးရေရရှိရန်အတွက် ပါဆပ်ချောင်းပေါ်တွင် သစ်၊ ဝါးများ အသုံးပြုကာ ဒေသလက်ရိုက်ဆည်အဖြစ် အသုံးပြုခဲ့ကြပြီး ယင်းလက်ရိုက်ဆည်သည် မိုးတွင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ချောင်းရေစီးအားကြောင့် မကြာခဏကျိုးပေါက်၍ စိုက်ပျိုးရေလုံလောက်စွာမရရှိခြင်း၊ အောင်ရေမရရှိခြင်းတို့ကြောင့် စံချိန်မီခိုင်ခံ့သည့် ဆည်တစ်ခုရရှိရန် ဒေသခံတောင်သူများမှ တင်ပြတောင်းခံကြရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၉၀၀)ဖြင့် ပါဆပ်ရေလွှဲဆည်နှင့်တူးမြောင်းစနစ်တည်ဆောက်ခြင်းလုပ်ငန်းကို (၁၆-၆-၂၀၂၃)ရက်နေ့မှစတင်၍ တာဝန်ယူတည်ဆောက်ခဲ့ပြီး (၈-၉-၂၀၂၃)ရက်နေ့၌ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့သည်။
အဆိုပါ ဒေသလက်ရိုက်ဆည်နေရာတွင် စံချိန်မီခိုင်ခံ့သည့် ရေလွှဲဆည်တည်ဆောက်ပေးခဲ့ခြင်းကြောင့် မယ်နင်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများ၏ မိုးစပါးလယ်မြေဧက(၁၂၀)အတွက် အောင်ရေရရှိသည်အထိ ပါဆပ်ရေလွှဲဆည်မှ စိုက်ပျိုးရေအလုံအလောက် ပေးဝေသွားနိုင်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ခိုင်မြင့်ထံမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)