မလှိုင် နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ မိုးစပါး GW 1 စပ်မျိုးစပါး စံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့က မြို့ကုန်းကန်အောက်ရှိ ကွင်းအမှတ်(၂၉) ၊ ဦးပိုင် အမှတ် (၇၉/၁) တွင် စိုက်ပျိုးထားသောတောင်သူ ဦးရဲနိုင်၏ GW 1 စပ်မျိုးစပါး စိုက်ခင်း(၁.၄၂ ) ဧက၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စံကွက်မရိတ်သိမ်းမီ မြို့ကုန်းကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုက မိုးစပါး GW 1 စပ်မျိုးစပါး ပန်းတိုင် အထွက်နှုန်း ရရှိစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန် ၊ စပ်မျိုးစပါး စိုက်ပျိုးမည် ဆိုပါက ပထမသားဆက် စပ်မျိုးကိုသာ စိုက်ပျိုးသင့်ကြောင်း၊ တစ်ဧကလျှင် ကောက်ကွက် (၁၃ဝဝဝဝ မှ ၁၅ဝဝဝဝ) ရရှိအောင် စိုက်ပျိုးရန်လိုကြောင်း၊ ပင်ပွားများဖို့ ပျိုးသက်နုနု စိုက်ပျိုးရန်နှင့် ကောက်ကွက် တိမ်တိမ် စိုက်ပျိုးရန်၊ ရေသွင်း ရေထုတ် စနစ်တကျဆောင်ရွက်ရန် ၊ ပေါင်းသင်ခြင်း၊ တမန်းနိုးခြင်နှင့် မြေဩဇာစနစ်တကျ ကျွေးခြင်းများကို စနစ်တကျ ဆောင်ရွက် မည်ဆိုပါက ပန်းတိုင်အထွက်နှုန်း ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်သူမျာအား(၆.၆)ပေပတ်လည်အကျယ် စံကွက်ကို လက်တွေ့ရိတ်သိမ်း ချွေပြခဲ့ရာတစ် ဧကလျှင် (၁၁၇.၃၅ ) တင်းနှုန်း ထွက်ရှိကြောင်း သိရသည် ။
မလှိုင်မြို့နယ်ရှိ ညောင်အုပ် ၊ နှောကန် နှင့် ပျော်ဘွယ် ကျေးရွာသုံးရွာတွင် မိုးစပါး GW 1 စပ်မျိုးစပါး (၆၅) ဧက စိုက်ပျိုးထားကြောင်းသိရပြီး စံကွက်ရတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့ကုန်းကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ ကြကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)