ဆီဆိုင် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဆီဆိုင်မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောအသင်းများအား ဂုဏ်ပြုဧည့်ခံပွဲကို ယနေ့နံနက် ၁၀ နာရီက မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက မြို့နယ်အတွင်းမှာရှိတဲ့ ရွက်ပုံးသီးမျိုးဆက်သစ်ကစားသမားကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားကြရန်၊ မိမိမြို့နယ်ဂုဏ်၊ မိမိဒေသဂုဏ်တို့ကို အားကစားသမားများအားလုံးက အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ဒေသတိုးတက်ဖွံ့ဖြိုးရေးကို အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အလေးထား၍ စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ဆီဆိုင်မြို့နယ်အသင်းရရှိခဲ့သော ပထမဆုဖလားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံအပ်နှံသည်။ ထို့နောက် မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပေးအပ်ရာ အသင်းများအားလုံးကိုယ်စား ကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒေသအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း(၃)မြို့နယ်မှ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာ(၁၅)ရက်နေ့မှ နိုဝင်ဘာ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဆီဆိုင်မြို့နယ်မှ မြို့နယ်ကိုယ်စားပြု ဘောလုံး(၃)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆီဆိုင်ဘောလုံးသင်း(၁)သင်းက ဗိုလ်လုပွဲစဉ်တွင် အနိုင်ရဗိုလ်စွဲနိုင်ခဲ့၍ မြို့နယ်ဂုဏ်ဆောင် ပြနိုင်ခဲ့သောကြောင့် မြို့နယ်ကိုယ်စားပြု အားကစားသမားများ၊ အသင်းများနှင့်တာဝန်ရှိသူများကို ထပ်ဆင့်ဂုဏ်ပြုပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မျိုးမြတ်