ကျောက်တန်း နိုဝင်ဘာ ၁၁
ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉း၃၀)နာရီအချိန်က ကျောက်တန်းမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သော်ကရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်တန်းမြို့ အမှတ်(၂) အခြေပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဉီးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် လူငယ်တွေအနေနဲ့ ကျပန်းစကားပြောပြိုင်ပွဲတွင် အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျပန်းစကားပြောဒိုင်အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးသတင်းစာဆရာအသင်း တွဲဘက်ဘဏ္ဍာရေးမှူးဆရာကြီး ဦးထွန်းရင်က ကျပန်းစကားပြောပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းစည်ကမ်းချက်များကို ရှင်းလင်းပြောကြား၍ ကျပန်းစကားပြောပြိုင်ပွဲကို စတင်ကျင်းပခဲ့ရာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျာင်းသား၊ ကျောင်းသူလေးများက ချစ်မြတ်နိုးစရာမြန်မာ့အနုပညာ၊ အားကစားဖြင့် နိုင်ငံဂုဏ်ကိုမြှင့်တင်စို့၊ မူးယစ်ရန်စွယ်တို့ကာကွယ်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ ခေါင်းစဥ်ဖြင့် အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြွရောက်လာကြသော ဂုဏ်သရည်ရှိလူကြီးမင်းများနှင့် တာဝန်ရှိသူများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုတံဆိပ်နှင့်ဂုဏ်ပြုကတ်ပြားများ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
သန့်ဇင်ထွန်း