မိုးကုတ် နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Woman Club)အဖွဲ့ဝင်များမှ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၃:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး (Women Club)အဖွဲ့ဝင် ဒေါ်ဝင်းမာလာအောင်က စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်သည့်အရာများ" ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာ "လူငယ်များ၏ အကျိုးအတွက် လူကြီးများက သစ်ပင်စိုက်သောအဘိုးအိုလို ကိုယ်ကျိုးမငဲ့သောစေတနာဖြင့် အနာဂတ်စီမံချက်များ အုတ်မြစ်ချပေးပြီး အကောင်အထည်ဖော်ဖို့လိုပါကြောင်း၊ ဆရာကြီးအရက်ဖြတ်သလို လူငယ်အကျိုးအတွက် ကိုယ့်ကိုကိုယ်အနာခံပြီး ဆောင်ရွက်ဖို့လိုပါကြောင်း၊ ဆရာကြီးဦးဖေမောင်တင်၏ အဆိုအမိန့်နှင့်အညီ တပည့်လူငယ်များကို မိမိထက်တော်သော လူငယ်များဖြစ်လာအောင် စိတ်ရင်းမှန်မှန်၊ သဘောထားပြည့်ပြည့်ဖြင့် လမ်းပြပေးဖို့လိုပါကြောင်း" စသည့်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော (Woman Club)အဖွဲ့ဝင်များကလည်း ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)