လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

လားရှိုး နိုဝင်ဘာ ၁၁

မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်းအမှား/ အမှန်ခွဲခြားသုံးသပ်နိုင်စေရန်တို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က “သတင်းအမှား ၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေး” ဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လားရှိုး)မှ ကျောင်းအုပ် ဒေါ်မြမြသင်းက အဖွင့်အမှာစကားပြောကြားပြီး၊ လားရှိုးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က  ဌာန၏ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများ၊ လားရှိုးလူထုအခြေပြုဗဟိုဌာန Community Cetre တွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အခမဲ့ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုး/ဆိုးကျိုးများ၊ မိမိကိုင်တွယ်သော တယ်လီဖုန်းအား လုံခြုံအောင်အသုံးပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လက်ကိုင်ဖုန်းကျင့်ဝတ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (လားရှိုး)မှ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း