ပျော်ဘွယ် နိုဝင်ဘာ ၁၁
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာကောင်းမြတ် ရေးသားသည့် “ပွင့်သောပန်းတိုင်း မွှေးစေလို” စာအုပ်ပါအကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ယခုစာအုပ်တွင် စာရေးဆရာသည် မိဘများအနေဖြင့် ကလေးငယ်တွေမှာဖြစ်တတ်တဲ့သဘောသဘာဝများ၊ ပြဿနာများ ဖြေရှင်းနည်းအကြောင်းကို အဓိကရေးသားထားခြင်းဖြစ်ပါကြောင်း၊ ကလေးငယ်များနှင့်ပတ်သက်၍ လက်တွေ့ဘဝတွင်လည်း ယခုစာအုပ်တွင်ပါရှိသည့် ပြဿနာအကြောင်းအရာများ ဖြစ်ပေါ်နေပါကြောင်း၊ မိဘများသာမက ကလေးရှိသည့်အိမ်တိုင်းတွင် ယခုစာအုပ်တွင်ပါရှိသည့် ဖြေရှင်းနည်းများအတိုင်း လိုက်နာလုပ်ဆောင်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)