မိတ္ထီလာမြို့နယ် အင်းကျေးရွာမှ ဒေသခံတောင်သူများ ရာသီဥတုဒဏ်ခံပြီး စီးပွားရေးတွက်ချေကိုက်သော ချည်မျှင်ရှည်ဝါကို အဓိကစိုက်ပျိုးလာကြ

မိတ္ထီလာ၊ အောက်တိုဘာ ၂၃

မိတ္ထီလာမြို့နယ် အင်းကျေးရွာမှ ဒေသခံတောင်သူများ ရာသီဥတုဒဏ်ခံပြီး စီးပွားရေးတွက်ချေကိုက်သော ချည်မျှင်ရှည်ဝါကို အဓိကစိုက်ပျိုးလာကြကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း  မိုးနည်းရပ်ဝန်းဒေသဖြစ်သော မိတ္ထီလာမြို့နယ်မှ ဒေသခံတောင်သူများ အနေဖြင့် နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုးစိုက်ပျိုးလာရာမှ ရာသီဥတုဒဏ်ခံပြီး  စီးပွားရေးအတွက် တွက်ချေ ကိုက်သော ချည်မျှင်ရှည်ဝါကို  ဆည်ရေ၊ ကန်ရေ မရရှိသော ကျေးရွာများတွင် အဓိက သီးနှံအဖြစ် ပြောင်းလဲ စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈)ကို  စိုက်ပျိုးရေးဦးစီး ဌာနမှ ဝါမျိုးစေ့ (၃)ပိဿာတစ်အိတ် ငွေကျပ် (၆၀၀၀)နှုန်းဖြင့် ဝယ်ယူ၍ ချည်မျှင်ရှည်ဝါ(ရွှေတောင်-၈)ကို စိုက်ပျိုးထားရာ ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ပိုးမွှားကာကွယ်ဆေး ဖျန်းခြင်းကို တစ်ပတ် တစ်ကြိမ် ပက်ဖျန်းပေးရသည်။ ယခင်နှစ်က ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) စိုက်ပျိုးရာ တစ်ဧက ဝါပိဿာ ၆၀၀ကျော် ထွက်ရှိပြီး ချည်မျှင်ရှည်ဝါ တစ်ပိဿာငွေကျပ် ၁၂၀၀ဖြင့် ရောင်းချရ၍ စီးပွားရေးအတွက် အဆင်ပြေသောကြောင့် ယခုနှစ်တွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) စိုက်ပျိုးဧက (၄)ဧက စိုက်ပျိုးထား ရှိကြောင်း အင်းကျေးရွာမှ တောင်သူ ဦးမိုးကျော်က ပြောပြ၍ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါစိုက်တောင်သူများ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးပြီး ဝါကို စိုက်ပျိုးခြင်းဖြစ် ပိုးမွှားကျရောက်မှုသက်သာခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ ကုန်ကျ စရိတ်သက်သာခြင်း ဆိုတဲ့ အသိပညာများရရှိအောင်နှင့် မျိုးကောင်းမျိုးသန့်များကို သုံးစွဲခြင်းအားဖြင့် တောင်သူများအနေဖြင့် အထွက် တိုးတယ်ဆိုတာကို သိရှိအောင် အထူးဇုံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါအထူးဇုံအဖြစ် လှည်းပွဲကျေးရွာတွင် ချည်မျှင်ရှည် ဝါ (ရွှေတောင်-၈ ) အထူးဇုံ ဧက ၅၀ နှင့် ရေချိုကျေးရွာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀ )အထူးဇုံ ဧက ၅၀ တို့ကို  စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)