နေပြည်တော် နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စီမံကိန်းလျာထားချက်များကို ပြည့်မီပြီးတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Priduct)ဖြစ်အောင် အမြဲစစ်ဆေးကြပ်မတ်ပြီး တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ရည်မှန်းချက်ပန်းတိုင်ထွက်ရှိရေးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရေးအတွက် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊သွင်းအားစုများအပြည့်အဝရရှိရေး၊ ရေရရှိရေးနှင့် နည်းပညာများရရှိရေးကို ထိထိရောက်ရောက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာစိုက်ပျိုးနည်းမှ စနစ်တကျလယ်ယာမြေများဖော်ထုတ်ပြီး ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် MSMEလုပ်ငန်းများ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်ရုံအလုပ်ရုံများတွင် ကုန်ကြမ်းများလုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး၊ ကုန်ထုတ်စွမ်းအားများ တိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းဆီထွက်သီးနှံစီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများအခြေအနေ၊ ခရိုင်/မြို့နယ်များအလိုက် ဆောင်းဆီထွက်သီးနှံစီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဆောင်းဆီထွက်သီးနှံစီမံကိန်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)