ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော SR-456 မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း

ဟိုပုံး အောက်တိုဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မြို့မအုပ်စုတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော SR-456 မိုးစပါးတို့မှာရင့်မှည့်လာ၍ ယမန်နေ့နံနက် (၉)နာရီ အချိန်မှ စတင်ကာ  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း၍ စပါးရိတ်သိမ်းခြွေလှေ့ စက်ဖြင့် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

မိုးစပါးစံကွက်ကို တောင်သူ ဦးဌေး၏ လယ်ဧရိယာ(၃)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းတို့က စံကွက်ရိတ်သိမ်းမည့်လယ်ကွက်တွင် (၁)ဧကရှိ ကောက်ကွက်၊ အနှံပါပင်ပွား၊ တစ်နှံပါ အောင်စေ့၊ အစေ့(၁၀၀၀)အလေးချိန်စသည့် စံနှုန်းတိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းကို တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အသုံးပြုရိတ်သိမ်းသဖြင့် အချိန်ကုန်အလုပ်သက် သာခြင်း၊  စရိတ်သက်သာခြင်း၊ စပါးအလေအလွင့်နည်းပါးခြင်း၊ လုပ်သားရှားပါးမှုအတွက် ပူပင် စရာမလိုခြင်း၊ ဆောင်းသီးနှံစိုက်ပျိုးရန် အချိန်မီရိတ်သိမ်းနိုင်ခြင်း၊ တလင်းပျောက်စနစ်ဖြင့် ရိတ် သိမ်းခြွေလှေ့နိုင်ခြင်း၊ စျေးကွက်အတွင်း စပါးများချက်ခြင်း ရောင်းချနိုင်ခြင်းတို့ကြောင့် စက်များ ကိုအားကိုးအားထားပြု ရိတ်သိမ်းနေရကြောင်း သိရှိရသည်။ အဆိုပါ မိုးစပါး SR-456  မျိုးစေ့ထုတ် စိုက်ခင်းအား ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း ( ၁၂၃) တင်း၊ အခြောက် တစ်ဧက အထွက်နှုန်း (၁၀၅.၈၂)တင်း ထွက်ရှိကြောင်း ဟိုပုံးမြိုနယ်အနေဖြင့် မြို့မအုပ်စု၊ နမ့်ခုတ်အုပ်စု၊ ပေါင်လင်းအုပ်စု ကျေးရွာအုပ်စုအလိုက် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၄၅)ဧက စိုက်ပျိုးထားရှိရာ မိုးစပါးများအား မြို့နယ်အတွင်းတွင် ဧက (၂၀၀၀၀)ကျော် စိုက်ပျိုးထားရှိပါကြောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ် ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ထုတ်ပေးထားရှိပြီး ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ မိုးစပါး စိုက်ခင်းများအတွင်း နည်းပညာ အကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများရယူနိုင်ပါကြောင်း ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်း က ပြောကြားသည်။

နေမင်းထွန်း(ဟိုပုံး)