တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(MRTV)၌ လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ပိုမိုဖွံ့ဖြိုးရေးအတွက် ကျေးချောင်းကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း (MRTV) လူငယ်စကားဝိုင်းအခမ်းအနားကို နိုဝင်ဘာ ၁၀ရက်နံနက်ပိုင်းက အဆိုပါ ကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းက အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား​ခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ကျေးချောင်း ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း(MRTV)မှ မောင်မင်းသီဟထွန်း(Grade-11)၊ မောင်သီဟထက်ကျော်(Grade-11)၊ မနှင်းမိုးလှိုင်(Grade-11)၊ မဟန်ပပငြိမ်း(Grade-11)တို့က “လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စိတ်ပညာ၊ လူငယ်နှင့်နည်းပညာခေတ်” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ပွဲအပြီးတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်