လွိုင်လင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပင်လုံအရှေ့အုပ်စုရှိ ကွင်းအမှတ်(၃၇)၊ ဦးပိုင်အမှတ်(၁)ရှိ တောင်သူဦးဆံကောင်း၏လယ်တွင် မိုးစပါး(ရွှေရင်အေး) တိုက်ရိုက်မျိုးစေ့ချ စံပြစိုက်ခင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုထွက် (၁၂၅)တင်း၊ အခြောက်ထွက်(၁၀၇)တင်း ထွက်ရှိပြီး စံကွက်ရိတ်သိမ်းပွဲသို့ မြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးရေးစီမံကိန်းဦးစီးမှူး၊ ခရိုင်မြေမျိုးပိုးတာဝန်ခံများ၊ လယ်ယာမြေစာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ပင်လုံမြို့ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မိုးစပါး(ရွှေရင်အေး) တိုက်ရိုက်မျိုးစေ့ချ စံပြစိုက်ခင်းမှ မျိုးကောင်းမျိုးသန့်ရရှိစေရန်အတွက် ယူရီးယားဓာတ်မြေဩဇာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးခဲ့ပြီး စတင် ထွန်ယက်ချိန်မှစ၍ ရိတ်သိမ်းချိန်အထိ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လိုအပ်သော စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသော မျိုးကောင်းမျိုးသန့် မျိုးစပါးများကို တောင်သူများအား ပြန်လည် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သိန်းသန်း(ပြန်/ဆက်)