မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာ၌ မဲဆန္ဒရှင်စုစုပေါင်း(၇၀၀၀)ကျော်ရှိပြီး မဲရုံ(၃)ရုံထားရှိမည်

မူဆယ် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာ၌ မဲဆန္ဒရှင်စုစုပေါင်း (၇၈၇၆)ဦးရှိပြီး မဲရုံ(၁)တွင် မဲဆန္ဒရှင်(၂၂၇၉)ဦး၊ မဲရုံ(၂)တွင် (၂၇၆၈)ဦးနှင့် မဲရုံ(၃)တွင် (၂၈၂၉)ဦးဟူ၍ မဲရုံပေါင်း(၃)ရုံကို အသီးသီး ခွဲခြားသတ်မှတ်ထားရှိကြောင်း မိုင်းယု(၁၀၅)မိုင် ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စုအနေဖြင့် အသက်(၁၈)နှစ်ပြည့်သူတိုင်းလွတ်လပ်စွာ မဲထည့်နိုင်ရန်နှင့် မဲဆန္ဒရှင် စာရင်း၌ မိမိနာမည်ပါဝင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြည့်ရှုနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းကို (၂၅-၇-၂၀၂၀) ရက်မှ (၇-၈-၂၀၂၀)ရက်နေ့အထိ (ပထမ)အကြိမ် ထုတ်ပြန်ကြော်ငြာကပ်ထားသလို ပြည်သူများအနေဖြင့် ပိုမို တိကျခိုင်မာစွာ ကြည့်ရှုစစ်ဆေးနိုင်ရန်အတွက် (၈-၈-၂၀၂၀)ရက်နေ့မှ (၁၄-၈-၂၀၂၀)ရက်နေ့အထိ နောက်ထပ် (၇) ရက် ထပ်တိုး ကပ်ထားကြောညာပေးသည်။ ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြောညာရာ၌ ပြည်သူများ အနေဖြင့် မဲဆန္ဒစာရင်းတွင် မိမိနာမည် ပါရှိမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးကြရန်၊ မဲစာရင်းနှင့်ပတ် သက်ပြီး ကွန့်ကွက်လိုပါက လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် မိမိနာမည်မပါရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ထားတဲ့ပုံစံဖြင့် လာရောက်ပြင်ဆင်နိုင်ကြောင်း ကိုလည်း (၁၀၅) မိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ့၊ တာဝန်ရှိသူများ လှည့်လှည်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

“မဲစာရင်းကပ်ထားကြောညာပေးတယ်၊ ဒုတိယအကြိမ်အနေနဲ့ (၁၀-၁၀-၂၀၂၀)ရက်နေ့မှ (၁၄-၁၀-၂၀၂၀)ရက် နေ့ အထိ ထပ်မံထုတ်ပြန်ကြော်ငြာထားပေးတယ်၊ အဲ့ချိန်မှာလည်း ရပ်ကွက်တွေထဲကို လှည့်လည်နှိုးဆော် ပေးတာတွေ ဆောင်ရွက်နေပါတယ်၊ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းတွေ လာရောက်ကြည့်ရှုစစ်ဆေးပြီးမှ သူတို့ တင်ပြလာတဲ့ ပြင်ဆင်သင့်တဲ့အရာတွေကို သတ်မှတ်ပုံစံ အတိုင်းပြင်ဆင်ပေးသလို နာမည်ထပ်တာတွေ၊ သေဆုံး သွား တဲ့ နာမည်တွေပါသွားတာတွေကိုလည်း သတ်မှတ်ပုံစံနဲ့ အားလုံးအဆင်ပြေအောင် ကူညီဆောင်ရွက် ပေးနေပါတယ်လို့ မိုင်းယု(၁၀၅)မိုင် ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်း က ပြောကြားသည်။

မူဆယ်မြို့နယ်၌ မဲဆန္ဒရှင်စုစုပေါင်း (၁)သိန်းကျော်ရှိပြီး အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလူထု များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ မသန်စွမ်းသူများအတွက် မဲပေးနိုင်မည့်အစီအစဉ်များနှင့် အခြားရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးလျက်ရှိသည်။

(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ ပြည်သူလူထုများ မဲထည့်နိုင်ရန်အတွက် မူဆယ်မြို့နယ် အတွင်းရှိမဲရုံများကို စနစ်တစ်ကျ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)