လယ်ဝေး နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ(Smart Village) SMUခန်းမတွင် ယနေနံနက် ၁၀ နာရီက လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မျိုးလင်းက “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း” သိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်က “မီးခိုးမြူငွေ့လျှော့ချခြင်း၊ အိမ်တွင်းလေထုညစ်ညမ်းမှု”ခေါင်းစဥ်များဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးရဲနိုင်ဝင်းက “စနစ်တကျအမှိုက်စွန့်ပစ်ခြင်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ကျေးလက်တောရွာများနှင့် အမှိုက်စွန့်ပစ်ခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးရွာသားများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ဆက်လက်၍ သော်မှော်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)