သံဖြူဇရပ် နိုဝင်ဘာ ၁၀
မွန်ပြည်နယ်၊ မော်လမြုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်ဝဲကလောင်းကျေးရွာရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကျိုက်နဲရေလယ်ဘုရားပွဲတော်ကျင်းပရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ရာ ဘုရားပွဲတော်ကျင်းပစဥ်ကာလအတွင်း ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ဖူးမျှော်နိုင်ရေး၊ ကမ်းခြေတွင် ဘုရားပွဲတော်လာပြည်သူများအား သတ်မှတ်စည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဗီနှိုင်းပိုစတာများ ဆောင်ရွက်ထားရှိရေး၊ ကော်မတီအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ချပြရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များနှင့် ဂေါပကအဖွဲ့များမှ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ ကျိုက်နဲရေလယ်ဘုရားပွဲတော်အား နှစ်စဥ်တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ လဆုတ်(၃)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် အခြေအနေအရပ်ရပ်ကြောင့် လဆန်း(၁၄)ရက်နေ့တွင် ပဌာန်းဖွင့်ပွဲကျင်းပခြင်း၊ လပြည့်နေ့တွင် ပဌာန်းသိမ်းရေစက်ချတရားပွဲကျင်းပခြင်းဖြင့် (၂)ရက်သာလျှင် ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)