မော်လမြိုင် နိုဝင်ဘာ ၁၀
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲနှင့် ရှေးဦးပြုစုခြင်း နည်းပြ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ မွန်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့လည်း မတော်တဆထိခိုက် ဒဏ်ရာရရှိတဲ့သူတွေအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို အသင်းစတင်တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်း ပညာရပ်များတတ်မြောက်ရန်နှင့် တတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်းပညာရပ်များနဲ့ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်နေတာကို သိရှိပြီးဖြစ်ပါကြောင်း၊ ရှေးဦးပြုစုခြင်း နည်းပြများရဲ့ သင်ကြားဆက်သွယ်မှုပိုင်းဆိုင်ရာ အရည်အချင်းများ တိုးတက်လာစေရန်၊ တိုးတက်ပြောင်းလဲလာတဲ့ ရှေးဦးပြုစုခြင်းဆိုင်ရာ ပညာရပ်တွေကို အခြားသောအမျိုးသား ကြက်ခြေနီနှင့် လခြမ်းနီအသင်းများနှင့်တန်းတူ သိရှိလေ့လာနိုင်စေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်တွေနဲ့ပြည်သူလူထုကို ထိရောက်စွာကူညီဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်တွေ ပြန့်ပွားနိုင်စေဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကြက်ခြေနီ စေတနာလုပ်အားရှင် နည်းပြများအားလုံး ယခုထက်ပိုမိုပြီး မိမိဒေသအတွင်းရှိ ပြည်သူလူထုများအတွက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှေးဦးပြုစုခြင်း နည်းပြသင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်းနှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် ဦးမာနူးတို့က မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီသို့ အလှူငွေများ ပေးအပ်ခဲ့မှုအပေါ် တာဝန်ရှိသူများက လက်ခံ၍ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဦးပြုစုခြင်း နည်းပြ(မွမ်းမံ) သင်တန်းကို နိုဝင်ဘာ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချပြီး၊ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)