မိုးကောင်း နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံကျောင်းပေါင်းစုံ U-18 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို နိုဝင်ဘာ(၉)ရက် နေ့လယ်(၂)နာရီတွင် ပြည်သူ့အားကစားကွင်း၌ကျင်းပရာ အုပ်စု(A)မှ အနိုင်ရခဲ့သည့် အထက-၂ အသင်းနှင့် အုပ်စု(B)မှ အနိုင်ရခဲ့သည့် အထက-နမ္မတီးအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါဗိုလ်လုပွဲယှဉ်ပြိုင်ကစားပွဲတွင် အထက-နမ္မတီးအသင်းမှ အထက-၂ အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က နိုင်ငံတော်ကချမှတ်ထားသော တစ်မျိုးသားလုံးကျန်းမာ၊ ကြံ့ခိုင်ရေးနှင့်ပညာရည် မြှင့်မားရေးဟူသည့် လူမှုရေးဦးတည်ချက်ပါပြဌာန်းချက်များကို မိုးကောင်းမြို့နယ်ပညာရေးဌာနအနေဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့ကျင်းပသောပြိုင်ပွဲများမှတစ်ဆင့် ထူးချွန်သောအားကစားသမားများကို နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများအဖြစ် ပေါ်ထွန်းလာစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက U-18 ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမျိုးသားအသင်း အထက-နမ္မတီးနှင့် အမျိုးသမီးအသင်း အထက-၁ အသင်းကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် အမျိုးသားအသင်း အထက-၂ အသင်းနှင့် အမျိုးသမီးအသင်း အထက-နမ္မတီး အသင်းတို့ကိုလည်းကောင်း၊ တတိယဆုရရှိသည့် အမျိုးသားအသင်း အထက-ပင်းဘောနှင့် အမျိုးသမီး အထက-၂ အသင်းတို့ကိုလည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် အမျိုးသားအသင်း အထက-ကျွန်းပင်သာနှင့် အမျိုးသမီးအသင်း အထက-နောင်ကိုင်တော်အသင်းတို့ကိုလည်းကောင်း အသီးသီး ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)