နမ့်စန်(တ) နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်တို့ကို ရည်ရွယ်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲများ ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၉နာရီက အမှတ်(၅)ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(လေတပ်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက-ခွဲ(လေတပ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် အထက-ခွဲ(လေတပ်)မှ ကျောင်းသူ မနန်းအိသွေး၊ မမေမြတ်နိုးနှင့် မအေးမိစံတို့က “လူငယ်နှင့်နည်းပညာ”၊ မောင်အောင်ခန့်ကျော်၊ မမှူးသက်ဇော်နှင့် မအေးစုနိုင်တို့က “လူငယ်နှင့်အားကစား” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်တို့က ဦးဆောင် ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် မေးခွန်းများ ပြန်လည်မေးမြန်းဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)