ပင်လုံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ပင်လုံ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က (၂) ကျောင်း၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားခင်အိက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက မူးယစ်ဆေးဝါးအန္တရာယ် အတူပူးပေါင်းကာကွယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းနှင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများအကြောင်း၊ ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး လိုက်နာဆောင်ရွက်သင့်သည့် အချက်များ ရှောင်ရှားသင့်သည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းကာ အသိပညာပေး ဟောပြောခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မိုးမိုးအေးမှ အားကစားနည်းအမျိုးအစားများ၊  ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊  အားကစားသင်တန်းများအကြောင်း၊ ယှဥ်ပြိုင် အားကစားနည်းများ၊ ရိုးရာအားကစားနည်းများ၊ အပန်းဖြေအားကစားနည်းများ၊ လူထုအားကစားနည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆ​က်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်၊ ယာဥ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး၊ လူငယ်ရေးရာအသိပညာပေး နံရံကပ် စာစောင်များကို ပြသကာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)