ဒက္ခိဏသီရိမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်စကားဝိုင်း ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၀

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒက္ခိဏသီရိမြို့နယ် OIAC-2 ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် OIAC-2 ကိုယ်ပိုင်အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အမှာစကား ပြောကြားရာတွင် “ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေလေ့လာ ဖတ်ရှုကြစေရန်၊ စာပေမှတစ်ဆင့် အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့် ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နှုတ်စွမ်းရည်များတိုးတက်ပြီး ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ် အယူအဆ အသိအမြင် မှန်ကန်စေ​ရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေ​ရေးစသည့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာမှာ လွန်စွာထိရောက် ကောင်းမွန်သည့် ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း၊ လူငယ်များသည်တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး ယနေ့လူငယ်များသည် ဗလငါးတန်နှင့်ပြည့်စုံပြီး အရည်အချင်းကောင်းတွေပြည့်စုံမှသာ တိုင်းပြည်၏ အနာဂတ် ဖွံဖြိုးတောက်ပမှာဖြစ်ကြောင်း” ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် ကျောင်းသား ကျောင်းသူများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့် ပညာရေး စသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးကြသည်။

အခမ်းအနားအပြီးတွင် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)