သထုံမြို့၌ တရားမဝင်အေးခဲအသားများ ရောင်းချမှုမရှိရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

သထုံ နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း တရားမဝင်အေးခဲအသားများ ရောင်းချမှုမရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့၊ နံနက်ပိုင်းက သထုံမြို့မဈေးရှိ ဈေးတာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သထုံမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးက အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက တရားမဝင်လမ်းကြောင်းများဖြင့် သယ်ဆောင်လာသည့် အေးခဲအသားငါးများ၏ အန္တရာယ်များ၊ အေးခဲအသားငါးများ၌ ထည့်သွင်းအသုံးပြုသည့် တာရှည်ခံဆေးဝါးများ၏ ဆိုးကျိုးများ၊ တရားမဝင်ရောင်းချခြင်းနှင့်ပတ်သက်သည့် ဥပဒေအရအရေးယူနိုင်မှုများ စသည်တို့ကို အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ သထုံမြို့မဈေးအတွင်း၌ အသားငါးရာင်းချသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ‌တရားမဝင်အေးခဲအသားငါးများ ရောင်းချမှုမရှိစေရေးအတွက် ယခုကဲ့သို့အသိပညာပေးခြင်း၊ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း၊ ရောင်းချသူများအား ဥပဒေအရအရေးယူခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)