ကျိုက်မရော နိုဝင်ဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ၉ရက် မွန်းလွဲ ၁နာရီက အ.ထ.က.(ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က ကျိုက်မရော ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန့်က အမှာစကားပြောကြားရာတွင် စာသင်ကျောင်းတွေမှာ ပတ်ဝန်းကျင်သန့်ရှင်းဖို့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ကြရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကျောင်းသား၊ ကျောင်းသူများတွင် တာဝန်ကိုယ်စီရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေဝတ်မှုံက ပလတ်စတစ်သုံးစွဲမှုလျော့ချခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးကျိုးများကို ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်မှသာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး အပူအအေးမျှတမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ရွှေရည်ဝင့်ထက်က ရာသီဥတုပြောင်းလည်းခြင်းကြောင့် မုန်တိုင်းတိုက်ခတ်ချိန်များလာခြင်း၊ မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းအပြင် အခြားရာသီဥတုနှင့် ဆက်စပ်မှုများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု့ကြောင့် ဖြစ်သောကြောင့် ကျောင်းသားလူငယ်များက စွန့်ပစ်ပစ္စည်းများကို တာဝန်သိစိတ်ဖြင့် စနစ်တကျစွန့်ပစ်ကြရန် ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီးထံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုပေးအပ်၍ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)