ကျိုက်မရော နိုဝင်ဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဒေသထွက် သစ်တောထွက်ကုန်များဖြစ်သည့် ဝါးများနှင့် ရက်လုပ်ထားသော မိရိုးဖလာဝါးလက်မှုလုပ်ငန်းတစ်ဖြစ်သော စပါးချင်တွယ်ရန်တင်း တောင်းများနှင့် သီးနှံမျိုးစုံထည့်နိုင်သော တောင်းမျိုးစုံရက်လုပ်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူတောင်သူများအနေဖြင့် စပါးပေါ်ချိန်၊ ပဲပေါ်ချိန်တွင် ဝယ်လိုအားကောင်းသဖြင့် စျေးကောင်းလည်းရရှိကာ မှာယူလိုသူများပြားသဖြင့် မိသားစု ဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း ဝါးလက်မှုလုပ်ငန်းကို အသက် ၁၆ နှစ်အရွယ်မှ စတင်ကာ မိရိုးဖလာ လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးကြိုင်ထံမှ သိရသည်။
အဆိုပါကလိုင်းကနိုင်ကျေးရွာအပေါ်ရွာ ဒေသမှထွက်ရှိသော ဝါးမျှင်ဝါးနှင့် ဝါးကုတ်ဝါးမျိုးများကို ခုတ်ယူအသုံးပြုကာ စပါးချင်တွယ်ရန်တင်းတောင်းများ၊ အခြားသီးနှံများထည့်နိုင်ရန် တောင်းမျိုးစုံရက်လုပ်ခြင်းလုပ်ငန်းကို မိသားစုဝင်ငွေတိုးရန်အတွက် တစ်နိုင်တစ်ပိုင်ရက်လုပ်လာကြရာ အောင်မြင်လျက်ရှိပြီး ဒေသတစ်ခုထုတ်ကုန်တစ်ခုအနေဖြင့် လည်းကောင်း၊ မိဘများ၏မိရိုးဖလာရိုးရာအမွေအနှစ် လက်မှုလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း အဆိုပါကျေးရွာမှ တောင်သူများက ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း အဆိုပါတင်းတောင်းများရက်လုပ်ရန်အတွက် ကုန်ကြမ်းများကိုရွာနှင့် ၄ မိုင်ခန့်ဝေးသော တောင်ပေါ်မှ သွားရောက် ခုတ်ယူရပြီး တင်းတောင်းအနားကွက်ရန် ကြိမ်များကိုတော့ အခြားသောကြိမ်ပင်ရှိရာ ရွာတွေမှာ သွားရောက်ဝယ်ယူပြီးအနားကွတ်ရကြောင်း၊ တစ်နေ့ရက်လုပ်လျှင် တောင်း ၅ လုံးခန့်ပြီးစီးကြောင်းနှင့် စပါးတင်းတောင်းတစ်လုံးလျှင် သုံးသောင်းခန့်စျေးရရှိပြီး အခြားတောင်းများကတော့ အရွယ်အစားလိုက် တစ်ခုလျှင် ခြောက်ထောင်ကျပ်ထိဖောက်သည်ပေးရကြောင်း၊ တောင်းများမှိုမတက်ရအောင်လည်း ကြပ်ခိုးတင်ထားပေးရပြီး ဝါးမှိုမစွဲအောင် ဆေးသုတ်ပေးရကြောင်း တောင်းမျိုးစုံ ရက်လုပ်သူ ဦးကရင်ထံမှ သိရသည်။
တောင်းရက်လုပ်ခြင်းလုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော်ကြာအောင် မိသားစုအလိုက်လုပ်ကိုင်လာတဲ့အတွက် သားသမီးတွေကလည်း ကျောင်းပိတ်ရက်တွေမှာ မိဘလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ပေးနေသည့်အတွက် ခုလိုအချိန်မှာ စားဝတ်နေရေးအတွက် မပူပင်ရပဲ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့် ဝါးလက်မှုလုပ်ငန်းကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ ဒေသတစ်ခု၊ ထုတ်ကုန် တစ်ခုအဖြစ် အောင်မြင်လျက်ရှိနေကြောင်း ဝါးလက်မှုပညာရှင် ဦးကြိုင်၏ ပြောကြားချက်အရ သိရသည်။
မိချို (ပြန်/ဆက်)