နိုင်ငံတကာသို့ ထိုးဖောက်တင်ပို့မည့်  နှစ်ရှည်ထောပတ်ပင် တိုးမြှင့်စိုက်ပျိုးလာ

နိုင်ငံတကာသို့ ထိုးဖောက်တင်ပို့ရောင်းချမည့် ရည်ရွယ်ချက်များဖြင့် ဥယျာဉ်ခြံသီးနှံဖြစ်သည့် နှစ်ရှည်ပင်ထောပတ်သီးကို တိုးမြှင့်စိုက်ပျိုးလာကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသပတ်ဝန်းကျင် ကျေးရွာများတွင် နှစ်ရှည်ဥယျာဉ်ခြံအဖြစ် သစ်တော်သီး၊ လိမ္မော်သီး၊ ဆန်းကစ်သီး၊ ပင်မဲ့သီး၊ ထောပတ်သီး၊ ကော်ဖီစသည်တို့ကို စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနေကြသည်။ ပင်လောင်မြို့နယ်၊ နောင်တရားမြို့ အမှတ် (၂) ရပ်ကွက်မှ ဈေးကွက်တန်းဝင်ပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ထောပတ်ပင်တိုးမြှင့် စိုက်ပျိုးထားသည့် ,ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးထားသော တောင်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်း ရေးသားထားပါသည်။

မေး။ ။ထောပတ်ပင်များကို တိုးမြှင့်စိုက်ပျိုးဖြစ်တဲ့ အကြောင်းလေးရှင်းပြပေးပါဦး။

ဖြေ။ ။ ၂၀၀၈ ခုနှစ်တွင်ဒေသမျိုး ထောပတ်ပင်ကို စီးပွားဖြစ်စတင်စိုက်ပျိုးကြပြီး အောင်ပန်းကုန်စည်ဒိုင်နဲ့ ရန်ကုန်သို့ တင်ပို့ရောင်းချကြပါတယ်။ ဒေသသီးဖြစ်တဲ့အတွက် အမျိုးအစားများပြားပြီး ဈေးကွက်တည်ငြိမ်မှု မရှိပါဘူး။ ဈေးကောင်းချိန်ဆို အလွန်ကောင်းပြီး ဈေးမရှိချိန်ဆို လုံးလုံးမရှိနေပါဘူး။ ပြီးတော့ ဒေသပင်တွေက အပင်ကြီးတဲ့အတွက် ပြုစုထိန်းသိမ်းရမလွယ်ကူပါဘူး။ ထောပတ်အရိုင်းပင်တွေကို ကိုင်းဆက်လိုက်တော့ ပြုစုထိန်းသိမ်းရလွယ်ကူတယ်၊ ဈေးကွက်တန်းဝင်သည့် ထောပတ်ပင်ကို ကိုင်းဆက်လို့ရတဲ့အတွက် တိုးမြှင့်စိုက်ပျိုး ဖြစ်သွားတာပါ။

မေး။ ။ဒေသထောပတ်သီးမျိုးရဲ့ အားနည်းချက်များကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ဒေသသီးအားနည်းချက်တော့ အများကြီးရှိပါတယ်၊ သိသလောက်ပြောပြရရင် ဒေသမျိုးထောပတ်ပင်တွေက အပင်ကြီးတယ် အလုံးလှအောင် ပြုစုရခက်ခဲပါတယ်၊ ပင်စည်ဖောက်ရောဂါပိုးကို ကုသရခက်ခဲတယ်၊ အပင်တစ်ပင်နှင့်တစ်ပင် အလုံးအရွယ်အစား မတူညီဘူး အလုံးမျိုး၊ ဘူးသီးမျိုး၊ အလုံးစိမ်း၊ အပွေးများတဲ့ အလုံးများတယ်ပေါ့၊ ပြီးတော့ အပင်ကြီးတော့ ကြားညှပ်သီးနှံစိုက်လို့မလွယ်ကူဘူး၊ ဈေးကွက်ကလည်း မသေချာဘူး၊ ခူးဆွတ် ရတာလည်း ကုန်ကျစရိတ်ကြီးပြီး အနာများတယ်ပေါ့။

မေး။ ။ထောပတ်ပင် စိုက်ပျိုးရေးစနစ်လေး သိပါစေ။

ဖြေ။ ။ထောပတ်ပင်ကို စတင်စိုက်ပျိုးတော့မယ်ဆိုရင် ဒေသမျိုး၏မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ပေးရပါတယ်။ ပြီးတော့ မျိုးစေ့ကို ပျိုးအိတ်ထဲထည့်ပြီး သဘာဝမြေဆွေးနဲ့ မြေကြီးနဲ့ ရောမွေပြီး ပျိုးထောင်ရပါတယ်၊ အပင်အရွယ်အစား ၁ ပေ၊ ၂ ပေလောက် ရောက်လာရင် မိမိစိုက်မည့် ဥယျာဉ်ခြံမှာ မြေအနက် အကျယ် ၁ပေ၊ အနက် ၁ပေခွဲခန့် တူးပြီး အောက်ခြေမှာ သဘာဝမြေဩဇာ၊ မြေဆွေးတွေထည့်ပြီး အပေါ်ပိုင်းမှာ မြေအနည်းငယ် ဖုံးအုပ်ထားရပါမယ်၊ ပျိုးအိတ်ကို အနေအထားမပျက်အောင် ပျိုးအိတ်ကို ခွာထုတ်ပြီး စိုက်ရပါတယ်၊ ပြီးရင် သဘာဝမြေဆွေးတွေကို ဘေးပတ်လည်ထည့်ပြီး ရေလောင်းပေးရင်ရပါပြီ ကျွန်တော်ကတော့ ဒီလိုစိုက်ပါတယ်။

မေး။ ။ထောပတ်ပင်ကို စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်နိုင်သည့်အချိန်အထိ ကုန်ကျစရိတ်လေး သိပါစေ။

ဖြေ။ ။ထောပတ်ပင်စိုက်ပျိုးစရိတ်တော့ အနည်းငယ်ရှိပါတယ်၊ ဒေသပင်အရိုင်းစိုက်ပျိုးချိန်မှစပြီး ကိုင်းဆက်တဲ့အထိ  တစ်ပင်ရဲ့ ကုန်ကျစရိတ်က ကျပ် ၄ သိန်းရှိပါတယ်။ ကုန်ကျစရိတ် အများစုကတော့ သဘာဝမြေဆွေးနှင့် နွားချေးတွေ ဝယ်သုံးရတဲ့စရိတ်ပါ၊ ဒေသပင်အရိုင်း စိုက်ပျိုးသက်တမ်းက ၂နှစ်မှ ၃ နှစ်၊ ကိုင်းဆက်ပြီး ၂နှစ်မှ ၃ နှစ် စုစုပေါင်း ၆နှစ်လောက်တော့ ကြာမှ အသီးသီးပါတယ်။

မေး။ ။ဘယ်လိုထောပတ်ပင်အမျိုးအစားကို ကိုင်းဆက်ဖြစ်ပါလဲ။

ဖြေ။ ။ ကျွန်တော့်ခြံမှာ ကိုင်းဆက်ထားတဲ့ ထောပတ်ပင်အမျိုးအစားကတော့ 034၊ Hass၊ ဘူး 7၊ ဘာကေးနီးယားတို့ကို ကိုင်းဆက်ထားပါတယ်၊ Hass မျိုးကတော့ အကောင်းဆုံးလို့ သတ်မှတ်ကြပါတယ်၊ ရင့်မှည့်ချိန်ဆို အသားအိမ့်တယ်၊ အမျှင်မရှိဘူး အထားလည်းခံပါတယ်၊ အခြား ဘူး7၊ ဘာကေးနီးယားတွေကလည်းကောင်းပါတယ်၊ အထားတော့ မခံပါဘူး၊ ဈေးကွက်ပိုင်းက Hass ကတော့ ဈေးပိုရပါတယ်။

မေး။ ။ထောပတ်ပင်မြေဩဇာတွေ ဘယ်လိုကျွေးလည်း သဘာဝမြေဆွေးကို ဘယ်လို သုံးလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ထောပတ်ပင်ကို သဘာဝမြေဆွေးနှင့် နွားချေးကို N-P-K အချိုးအစားတူညီတဲ့ ၁၅ ပတ်လည် ဓါတ်မြေဩဇာနဲ့ ရောနှောပြီး နှပ်ထားပါတယ်၊ ပြီးတော့ ထောပတ်ပင်ခြေနှင့် ၁ပေခွဲခန့် ခွာပြီး မြေဖုံးစနစ်နဲ့ မြေဩဇာထည့်ပါတယ်၊ ထည့်တဲ့အချိန်ကတော့ ၆ လပိုင်း တစ်ကြိမ် ၁၀လ ပိုင်းတစ်ကြိမ်ထည့်ပါတယ်။

မေး။ ။နောင်တရားဒေသမှာ ထောပတ်တောင်သူတွေ စုပေါင်းပြီး ထောပတ်အသင်းအဖွဲ့ စုဖွဲ့စည်းထားတာရှိပါလား။

ဖြေ။ ။နောင်တရားမှာ ထောပတ်အစုအဖွဲ့အသင်းရှိပါတယ်၊ ထောပတ်အစုအဖွဲ့ကနေပြီး အရည်အသွေးမြင့်ထောပတ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပြည်ပနိုင်ငံတင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။

မေး။ ။ထောပတ်အသင်းအဖွဲ့ကနေပြီး နိုင်ငံတော်မှ ချေးငွေယူထားတာရှိပါသလား။

ဖြေ။ ။ထောပတ်အသင်းအဖွဲ့က နိုင်ငံတော်မှ နိုင်ငံမြှင့်တင်ရေးရန်ပုံငွေချေးငွေ ယူထားတာရှိပါတယ်၊ ထောပတ်အသင်းအဖွဲ့ကနေပြီး အဆိုပါချေးငွေဖြင့် အရည်အသွေးမြှင့် ထောပတ်ပင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေကြပါတယ်၊ ကျွန်တော်က နိုင်ငံမြှင့်တင်ရေးချေးငွေနဲ့ စိုက်ပျိုးထားတာတော့မဟုတ်ပါဘူး၊ ကျွန်တော်တို့ ထောပတ်အသင်းအဖွဲ့ကို နိုင်ငံတော်က နိုင်ငံမြှင့်တင်ရေးချေးငွေချပေးတာ အရမ်းကျေးဇူးတင်ပါတယ်။

မေး။ ။ပြည်ပနိုင်ငံသို့ ထောပတ်တင်ပို့မှု အခြေအနေလေးသိပါစေ။

ဖြေ။ ။ကျွန်တော့ခြံက ဒီနှစ်မှ စသီးတော့ ပြည်ပနိုင်ငံတွေကို မတင်ပို့ဖူးသေးပါဘူး၊ ထောပတ်အသင်းအဖွဲ့အနေနဲ့ တာချီလိတ်မှတဆင့် တရုတ်၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချနေတာရှိပြီး  အခြားပြည်ပနိုင်ငံတွေကိုလည်း တင်ပို့ရောင်းချနိုင်ဖို့ ဆောင်ရွက် နေကြပါတယ်။

မေး။ ။ထောပတ်အပင်ပေါင်း ဘယ်လောက်စိုက်ပျိုးထားပြီး ထွက်ရှိလာမည့် ထောပတ်သီးတွေက ဈေးကွက်ရှိပြီးသားလား။

ဖြေ။ ။ကျွန်တော့်ခြံမှာ ထောပတ်အပင်ပေါင်း ၄၂၀ပင် စိုက်ပျိုးထားပါတယ်၊  အခြားခြံအပါအဝင်ဆို အပင်ပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ ဒီနှစ်မှ ထောပတ်စသီးတာဆိုတော့ မရောင်းဖူးသေးဘူး၊ ယခုနှစ်မှာ ထွက်ရှိတဲ့ထောပတ်သီးကို ထောပတ်အသင်းအဖွဲ့နဲ့ လက်တွဲပြီး ရောင်းဖြစ်မှာပါ တစ်ခြံကို ၅ တန်လောက်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ထောပတ်တစ်ခြံကို သိန်းပေါင်း ၁၅၀ အထက်ရမယ်လို့ ခန့်မှန်းထားပါတယ်။ 1Kg ကို ယခုပေါက်ဈေးက ၃၀၀၀မှ ၆၅၀၀ကျပ်အထိ ဈေးအမျိုးမျိုးရှိပါတယ်။

မေး။ ။ကြားညှပ်သီးနှံအဖြစ် ဘယ်လိုသီးနှံတွေကို စိုက်ဖြစ်လဲ။

ဖြေ။ ။ကြားညှပ်သီးနှံအဖြစ်တော့ ကော်ဖီပင်တွေစိုက်ထားပါတယ်။ ဥယျာဉ်ခြံဆိုတာမျိုးက တစ်မျိုးတည်း စိုက်လို့အဆင်မပြေဘူး ကြားညှပ်သီးနှံစိုက်မှ ဝင်ငွေနှစ်မျိုးရမှာပါ၊ မြေဩဇာနှင့် အလုပ်သမားစရိတ်တွေပြရပြီး ထောပတ်သီးမှ ရရှိတဲ့ဝင်ငွေကိုတော့ အသာတင်အမြတ်ငွေ ကျန်တာပေါ့။

မေး။ ။ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးမည့် တောင်သူများအတွက်  အကြံဉာဏ်ပေးချင်တာ ရှိပါသလား။

ဖြေ။ ။အကြံဉာဏ်ပေးတာထက် ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးချင်တယ်ဆိုရင်တော့ အရင်းအနှီးအနေနဲ့ အချိန်နှင့်ငွေကြေးတော့ ရင်းရတာပေါ့၊ ဈေးကွက်တန်းဝင်တဲ့ ထောပတ်သီးကို နည်းစနစ်မှန်ကန်စွာနဲ့ စိုက်ပျိုးစေချင်ပါတယ်၊ ပြီးတော့ စိုက်ပျိုးမယ်ဆိုရင် ပင်ကြား၊ တန်းကြားကို သေသေချာချာတွက်ချက်ပြီး ကြားညှပ်နှစ်ရှည်ပင် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရပါမယ်၊ ဒါမှအဆင်ပြေနိုင်မှာပါ၊ ခြံတစ်ဧကမှာ ဝင်ငွေနှစ်မျိုးရတာပေါ့၊ ပြီးတော့ မွေးမြူရေးအနေနဲ့ ပျားမွေးမြူရေးကိုလည်း မွေးနိုင်ပါသေးတယ်၊ ကျွန်တော်တော့ မမွေးဖြစ် သေးပါဘူး မွေးနိုင်ရင်တော့ အပင်အတွက် အရမ်းကောင်းပါတယ်လို့အကြံပေးပါရစေ။

သို့ဖြစ်ပါ၍ ဥယျာဉ်ခြံစိုက်ပျိုးမည့် တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းအဖြစ် အသက်မွေးဝမ်းကြောင်းပြုမည်ဆိုပါက မိမိစိုက်ပျိုးမည့် သစ်သီးများ ဒေသ အတွင်းသာမှာက ပြည်ပနိုင်ငံသို့ပါ တင်ပို့ရောင်းချနိုင်မည့် သီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပြီး ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ပါမှ ဝင်ငွေနှစ်မျိုးရရှိစေနိုင်သည်။ အဆိုပါဥယျာဉ်ခြံ၌ မွေးမြူရေးလုပ်ငန်းများကိုလည်း ထည့်သွင်းမွေးမြူနိုင်သည်။ ထို့ပြင် နေရာဒေသနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ် မူတည်၍ ခရီးသွားလုပ်ငန်းရှိပါက ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ဥယျာဉ်ခြံမျိုးစိုက်ပျိုးထားပါက ပိုမိုသင့်လျော်ပြီး အမြတ်ငွေပိုမိုတိုးပွာလာမည်ဖြစ်သည်။ ဥယျာဉ်ခြံလုပ်ငန်းသည် အသက်ရွယ်ကြီးချိန် ပင်စင်ရသည့် ဝန်ထမ်းများနှင့် တူညီသည့်အတွက် ဥယျာဉ်ခြံလုပ်ငန်းကို စိတ်ဝင်စားပါက မိမိဒေသနှင့် ကိုက်ညီမည့် သီးနှံများကို စိုက်ပျိုးသင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။

ခွန်အောင်(နောင်တရား)