စစ်တွေ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံ ကွန်ပျူတာသင်တန်း ဆင်းပွဲသို့ တက်ရောက်ကြပြီး စစ်တွေမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားတို့၏ စကားစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး ၊ သမိုင်းအမွေအနှစ်ထိန်းသိမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့် တိုင်းရင်းသားရေးရာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အခြေခံကွန်ပျူတာ သင်တန်းဖွင့်ရခြင်း အကြောင်းရင်းအနေဖြင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ၂၀၁၈-၂၀၁၉ မှစ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ စစ်တမ်းများနှင့် ရပ်ရွာအခြေပြုအသက်မွေးကျောင်းဆိုင်ရာ သင်တန်းလိုအပ်ချက်များ ဆန်းစစ်စီမံခြင်း စစ်တမ်း ၁၂ ကြိမ် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စစ်တမ်းများ၏ သုတေသနအစီရင်ခံစာများအရ အဆိုပြုသည့် သင်တန်းဖြစ်သဖြင့် ရခိုင်ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ဖွင့်လှစ်ပေးသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ အဆိုပြုသည့် အခြားအသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို သက်ဆိုင်ရာ ဌာနများက ဖွင့်လှစ်သည့် သင်တန်းများသို့ တိုင်းရင်းသားလူငယ်များကို စေလွှတ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်သူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတင်လှက သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ရာ သင်တန်းနည်းပြများ ကိုယ်စား ဆရာမတစ်ဦးက လက်ခံသည်။ ဆက်လက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က သင်တန်းဆင်း သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက သင်တန်းဆင်း သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးအားလည်းကောင်း သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ကြပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားလူငယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံ အဆင်းမြှင့်တင်ခြင်းလုပ်းငန်း ဆောင်ရွက်မည့် အခြေအနေအား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား မှာကြားသည်။ ယင်းနောက် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဦးဥတ္တမခန်းမအား ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအားလုံးပြီးစီးရေး၊ အနီးကပ် ကြီးကြပ်ဆောင်ရွက်ရေး စသည့်တို့ကို မှာကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ ရူပမြောက်ရပ်ရွက်ရှိ ယာယီအားကစားကွင်း ဆောက်လုပ်နေမှု အားလည်းကောင်း၊ မြို့သူကြီးရပ်ကွက်ရှိ ယာယီ အားကစားကွင်း ဆောက်လုပ်နေမှု အားလည်းကောင်း၊ ပေါ်ထွန်းအေင်ပန်းခြံ ကလေးကစားကွင်းအားလည်းကောင်း၊ စစ်တွေမြို့ အမှတ်(၂) အခြေခံပညာအတန်းကျောင်း၌ ယာယီအားကစားကွင်း ဆောက်လုပ်နေမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)