တာမွေ နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ်(၁၉/၂၀၂၃)ကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရုံးချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် “အကြီးမားဆုံးပြစ်မှုဖြစ်သည့် မီးနီဖြတ်မောင်းခြင်းကို ချိုးဖောက်ကြသည့် ယာဉ်မောင်းများကို ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း၊ YRTC ၏ အဓိကရည်မှန်းချက်ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်”ဖြစ်ထွန်းလာဖို့ YBS စနစ်၏ အဓိကမောင်းနှင်အားဖြစ်သည့် ယာဉ်မောင်းကြီးများသည် ခရီးသည်များအား မိမိတို့၏ ကျေးဇူးရှင်များအဖြစ် လိုရာခရီးသို့ လုံခြုံဘေးကင်းစွာ ပို့ဆောင်ပေးကြရမည့် တာဝန်ရှိကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကိုကျူးလွန်ခဲ့ပါက YBS ယာဉ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ယာဉ်တိုက်မှု မဖြစ်ရအောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် CCTV များ၊ Telematics စက်များ တပ်ဆင်၍ မှတ်တမ်းရယူဖမ်းဆီးအရေးယူနေရခြင်း ဖြစ်ပါကြောင်း၊ ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှု၊ တစ်စီးနှင့်တစ်စီးယှဉ်ပြိုင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်း မောင်းနှင်မှုများကို Traffic Control Centerမှ အချိန်နှင့်တပြေးညီ စောင့်ကြပ်၍ Video မှတ်တမ်းရယူထားပြီး အရေးယူခြင်းဖြစ်ကြောင်း၊ ခရီးသည် လုံခြုံမှုရှိစေရန်အတွက် ဘေးတံခါးဖွင့်မောင်းခြင်းများကိုလည်း တားမြစ်ထားကြောင်း၊ မှတ်သားဖမ်းဆီးခြင်း၊ လှည့်ကင်းချထားခြင်းတို့အတွက် လိုအပ်ပါက မှတ်တိုင်တစ်ခုစီတွင် တစ်ဦးစီတာဝန်ချထားသွားမည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့် ယာဉ်မောင်းများအနေဖြင့် သတိပြုဆင်ခြင်မောင်းနှင်ခြင်းဖြင့် ခရီးသွားလုပ်သားပြည်သူ တို့ ထိခိုက်နစ်နာမှုလျော့ကျသွားပါက ဆွေးနွေးပွဲပြုလုပ်ရကျိုးနပ်မည်ဖြစ်ပါကြောင်း၊ မြို့တွင်းသယ်ယူပို့ဆောင်ရေး စနစ်ကြီး ပိုမိုကောင်းမွန်လာစေရန် YRTC နှင့်အတူ ယာဉ်မောင်းကြီးများက အတူတကွ ပါဝင်ကြိုးပမ်းဆောင်ရွက် ပေးကြရန် အထူးမှာကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က YBS ယာဉ်မောင်းများ သိသင့်သိထိုက်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဆွေးနွေးချက်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ယာဉ်မောင်းတစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကို တင်ပြဆွေးနွေးခဲ့ပြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူကလည်း ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ရာဇသတ်ကြီးပုဒ်မများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် YRTC၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မြင့်နွယ်က ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်၍ လေးစားလိုက်နာသည့် ယာဉ်မောင်းကောင်းတစ်ယောက်ဖြစ်ရန်အချက်များကို တင်ပြဆွေးနွေးခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှူး ဦးဝင်းနိုင်က ယာဉ်စည်းကမ်း ဖောက်ဖျက်သည့် (မီးနီဖြတ်၊ မဆင်မခြင်မောင်း၊ သတ်မှတ်လမ်းကြောင်းမမောင်း၊ အရှိန်ပြင်းမောင်း) ယာဉ်မောင်းများအား ယာဉ်စည်းကမ်းဆိုင်ရာလိုက်နာရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများဖြေဆိုစေခြင်း၊ ယာဉ်မောင်းများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တာဝန်ရှိသူများနှင့်ကော်မတီဝင်များ၊ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)