ဒဂုံတောင် နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က (၁၈) ရပ်ကွက်၊ စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်ကအမှာစကား ပြောကြားရာတွင် သဘာဝဘေးအန္တရာယ် အမျိုးအစားများအကြောင်း၊ ယခု ပြုလုပ်သောအသိပညာပေး အစီအစဉ်သည် ဂျပန်နိုင်ငံကနေ စတင်တီထွင်လိုက်တဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (ကေရူးကာရာဗန်) ဂိမ်း အစီအစဥ်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းလေးတွေအသုံးပြုပြီး ဘယ်လိုတုံ့ပြန် ဆောင်ရွက်နိုင်မလဲဆိုတာကို သိရှိသွားမှာဖြစ်ကြောင်း၊ ဒီအစီအစဥ်မှာ ဂိမ်းပေါင်း (၉)မျိုးပါဝင်ပြီး ဂိမ်းတစ်ခုလျှင် ၇ မိနစ်ခန့် အချိန်ရှိပြီး ၇ မိနစ်အတွင်းတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အဖွဲ့လိုက် စည်းစည်းရုံးရုံး ထိထိရောက်ရောက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မသိရှိသေးသော သဘာဝဘေးအကြောင်းအရာများကို သိရှိသွားမှာဖြစ်ပြီး မိမိပတ်ဝန်းကျင်ကို ပြန်လည်ဖြန့်ဝေနိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များသာမက ပြည်သူလူထုဆိုတဲ့နေရာမှာ လူကြီးတွေသာမကဘဲ ကလေးသူငယ်များကပါ ပါဝင်ကူညီ ဆောင်ရွက်နိုင်စေရန် အသိပညာပေးခြင်းဖြစ်ကြောင်းနှင့် ယခုလို ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများအနေနဲ့ သဘာဝဘေး ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်၊ ပြည်သူလူထုနှင့်အတူ ကလေးသူငယ်များအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကလေးသူငယ်များအနေဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်မှုများ ဆောင်ရွက်နိုင်ရန် သရုပ်ပြခြင်း၊ ဂိမ်းကစားခြင်း အစီအစဉ်များ ဆောင်ရွက်ပေးရာ ကျောင်းသား/ ကျောင်းသူများက တက်ကြွစွာပါဝင်ဆောင်ရွက်ကြပြီး သိရှိလိုသည်များ မေးမြန်းကြကြောင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)