ဒဂုံတောင် နိုဝင်ဘာ ၉
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အ.လက လ(၃)တွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်နှင့်အောင်မြင်ရေးခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များအတွေးကောင်းများရရှိပြီး အောင်မြင်သောအနာဂတ်သားကောင်းရတနာများ ဖြစ်ပေါ်စေရန်၊ အမှားအမှန်ခွဲခြားပြီး လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ဟောပြောပြီး၊ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးသက်ဝေ(သက်ဝေမောင်)က လူငယ်များ စာရိတ္တကာင်းမွန်စေရန် ကျောင်းစာအပြင် သုတရသစာအုပ်များ ဖတ်ရှုရန်လိုအပ်ကြောင်းများကို အသိပညာပေး ဖြစ်ရပ်မှန်အကြောင်းအရာ သာဓကများဖြင့် ဟောပြောပြီး၊ဗဟုသုတရှိသောစာပေများ ဖတ်ရှုမှသာ အောင်မြင်သောခေါင်းဆောင်ဖြစ်နိုင်ကြောင်းများအား အကျယ်တဝင့်ဟောပြာသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးများ သိထားသင့်သည့် မှုခင်းကာကွယ်ရေးအသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ အရွယ်မရောက်သေးသော ကလေးများ စစ်မှုထမ်းခြင်းသိပညာပေး၊ သွေးလွန်တုတ်ကွေးအန္တရာယ် အသိပညာပေးစသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာမိုး