ဟိုပုံး နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးကျန်းမာရေး တစ်ကိုယ်ရည်သန့်ရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က နောင်တောင်းသီလရှင်ကျောင်းတွင် ပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးသည် ဆက်စပ်နေကြောင်း၊ ယနေ့ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသူများအနေဖြင့် ပညာရေးကို ကောင်းစွာသင်ကြားနိုင်ရန် ကျန်းမာရေးသည် အဓိကအရေးကြီးကြောင်း၊ ကိုယ်ရောစိတ်ပါကျန်းမာနေဖို့အတွက် နေ့စဉ်စားသုံးသည့် အာဟာရသည် အရေးကြီးသလို ကျန်းမာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသည်လည်း အရေးကြီး ကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုပေးရေးအဖွဲ့ ဒေါ်နန်းယဉ်ယဉ်အေးက အမျိုးသမီးများနှင့်သက်ဆိုင်သော အခွင့်အရေး၊ အကာအကွယ်ပေးထားသောဥပဒေ၊ သက်ကြီးရွယ်အိုဥပဒေ၊ CEDAW နှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေအရာရှိ ဒေါ်နန္ဒာနှင်းက အမျိုးသမီးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်နန်းထားထားဆွ က သားအိမ်ခေါင်းရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဘဏ္ဍာရေးမှူး ဒေါ်နန်းလှမေက အမျိုးသမီးများ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။ ထို့နောက် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့်အဖွဲ့ဝင်များက ကျောင်းသူများအတွက်ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များက တီဘီရောဂါနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ အမျိုးသမီးရေး ရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များ၊ နောင်တောင်းသီလရှင်ကျောင်းမှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)