မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် နိုဝင်ဘာ ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်ခန်းမ)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွန်းလာစေရန် အသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးခြင်း၊ အားပေးကူညီခြင်းနှင့်ထွက်ရှိလာသည့် ထုတ်ကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ်တကျမှတ်ပုံတင်ပေးခြင်းကို ဆောင်ရွက်နေသည့်ဌာနတစ်ခုဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံစီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် MSME လုပ်ငန်းများကို အားပေးကူညီခြင်းက နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာ ရောက်ပါကြောင်း၊  ဒေသခံပြည်သူများအနေနဲ့လည်း မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် သားသမီးများရဲ့ပညာရေး၊ ကျန်းမာရေးကိုအကောင်းဆုံး အထောက်အပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်လာနိုင်ပြီး နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊ ဒေါ်အိကလျာနိုင်က စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသား၊သင်တန်းသူများထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ လုပ်ငန်းထူထောင်မည့်သူ(၁၀)ဦး (ကိုယ်စား)လုပ်ငန်း ထူထောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ခန်းမအတွင်းခင်းကျင်းပြထားသော လုပ်ငန်းသုံးပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)