မိုင်းဆတ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မိုင်းဆတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ လစဉ် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁) နာရီအချိန်က အ.မ.က (နောင်ဖာ) ကျောင်းသို့ ကွင်းဆင်းကာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က လူငယ်ရေးရာကဏ္ဍနှင့် စပ်လျဉ်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ဘဝရည်မှန်းချက်များကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမှားအမှန်ဝေဖန် ပိုင်းခြားတတ်စေရန် ဦးနှောက်ခွန်အားဖြစ်စေမည့် စာပေများလေ့လာဖတ်ရှုကြရန်လိုကြောင်း၊ ပညာသင်ယူနေချိန်တွင် ဆေးလိပ်၊ အရက်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးများ စမ်းသပ်သုံးစွဲခြင်းမပြုလုပ်ကြရန်နှင့် မူးယစ် ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင်က မိုဘိုင်းဖုန်းဖြင့် ဂိမ်းကစား၍ အချိန်ကိုမဖြုန်းတီးဘဲ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ များကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးကာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ကျောင်းသုံးဗလာစာအုပ်များ ပေးအပ် လှူဒါန်းရာ အ.မ.က(နောင်ဖာ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရတနာဂျူးဂျူးမြင့်သန်းက လက်ခံရယူခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ရွေးချယ်ဖတ်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)