ကျိုက်ထိုမြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကျိုက်ထို နိုဝင်ဘာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံများ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန်၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးတာဝန်ခံများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရေးတို့ကိုပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးဝင်းဘိုက စိုက်ဧကများလျာထားချက် ပြည့်မီစေရေးအတွက် မိမိဌာနမှ စိုက်ပျိုးရေးပညာရှင် ကွင်းဝန်ထမ်းများက တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေးနည်းပညာများ၊ သီးနှံဖျက်ပိုးရောဂါများ ကာကွယ်နှိမ်နင်းနည်းများ စသည်တို့ကို သက်ဆိုင်ရာကွင်းအလိုက် အနီးကပ်ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် ကျေးရွာ (၇) ရွာသို့ စီမံကိန်းခန့်အပ်လွှာ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ဆောင်းနေကြာစိုက်ပျိုးမည့် စံပြစိုက်ခင်း ဧက (၁၀၀) အတွက် နေကြာမျိုးစေ့ (၃၀၀) ကီလိုဂရမ်အထုပ် (၃၀၀) တို့ကိုပေးအပ်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ နွေစပါး (၈၁၀) ဧက၊ ဆောင်းသီးနှံပဲမျိုးစုံ (၇၂၂၆) ဧက၊ ဆီထွက်သီးနှံ (၃၂၆၂) ဧကတို့ စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)